ဂျကာတာ နိုဝင်ဘာ ၁၇
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ အိုင်အက်စ်အား သစ္စာခံသည့် စစ်သွေးကြွအဖွဲ့ဝင် ၂၄၁ ဦးတို့သည် အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်၌ အစိုးရတာဝန်ရှိသူများထံတွင် လက်နက်ချခဲ့ကြောင်း၊ ၎င်းတို့ထံတွင် အမျိုးသား အမျိုးသမီးများနှင့် ကလေးငယ်များလည်းပါဝင်ကြောင်း အာဖဂန်စစ်ဘက်မှ နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
လက်နက်ချခဲ့သည့် အိုင်အက်စ်တို့အား သစ္စာခံသူများတွင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၆၃ ဦးနှင့် ကလေး ၁၀၇ ဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သည့် သုံးရက်အတွင်းက နန်ဂါ ဟာပြည်နယ်တွင်းရှိ အက်ချင်နှင့် ဟိုမန်ဒါရာခရိုင်များ၌ ဒေသဆိုင်ရာ အာဏာပိုင်များထံ လက်နက်ချ အပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်၌ ဆက်လက်ဖော်ပြသည်။
ယင်းအိုင်အက်စ်စစ်သွေးကြွများ လက်နက်ချအပ်ရာတွင် သေနတ်အလက်ရေ ၆၇ လက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အာဖဂန် နစ္စတန်နိုင်ငံ အရှေ့ဘက်ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံတွင် အိုင်အက်စ်အားသစ္စာခံသည့် စစ်သွေးကြွများ လက်နက်ချခဲ့မှုများ၌ ယခုအကြိမ် လက်နက်ချမှုသည် ပမာဏအကြီးမားဆုံးဖြစ်သည်။
အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့(အိုင်အက်စ်) စစ်သွေးကြွများသည် နန်ဂါဟာပြည်နယ်နှင့် အိမ်နီးချင်း ပြည်နယ်များဖြစ်ကြသော ကူမာနှင့် နူရီစတန်ပြည်နယ်များ၌ ဝင်ရောက်လှုပ်ရှားနေကြပြီး ယခုလက်နက်ချမှု သတင်းအပေါ် အိုင်အက်စ်အဖွဲ့က မှတ်ချက်ပြောကြားခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဇော်ဝင်း


