၁၈ နေပြည်တော်

 

တူရကီဟာ ဆီးရီးယားဒေသမှာဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ အမှန်တကယ်ပတ်သက် ဆက်နွှယ်မှုရှိနေခဲ့တယ်ဆိုရင် အကောင်းဆုံးရွေးချယ်ခွင့်ကတော့ ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ဖြစ်စေဖို့လို့ဆိုရမှာပါ။

 

၂၀၁၁ ခုနှစ်က အာရပ်နွေဦးအုံကြွမှုကနေ ဆီးရီးယား ပြည်တွင်းမှာ သွေးချောင်းစီးစစ်ပွဲတွေ ဖြစ်လာခဲ့တာ ကြောင့် ကြီးမားပြီး တောင့်တင်းခိုင်မာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရတစ်ရပ် တည်ထောင်မယ်ဆိုတဲ့ နိုင်ငံအတွင်းက ကာ့ဒ်တွေရဲ့လှုပ်ရှားမှုအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

ဆီးရီးယားမှာရှိတဲ့ကာ့ဒ်တွေဟာ နိုင်ငံသားဖြစ်ခွင့်လိုမျိုး ရိုးရှင်းတဲ့အခွင့်အရေးတွေ မရတဲ့အပြင် ဟာဖက် အယ်လ်အာဆတ်အစိုးရနဲ့ သူ့ရဲ့သားဖြစ်သူ လက်ရှိသမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရရဲ့ ကာလရှည်ကြာ ဖိနှိပ်မှုအောက်မှာ နေခဲ့ရတာဖြစ်ပါတယ်။

 

ဒါပေမယ့် ၂၀၁၂ နွေရာသီမှာ အာဆတ်အစိုးရရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ထကြွသောင်းကျန်းမှုတွေ ရှိလာခဲ့လို့ အာဆတ်အစိုးရက အင်အားသုံးပြီး တုံ့ပြန်တာတွေ၊ ဆီးရီးယားတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို အစိုးရအုပ်ချုပ်မှုအောက်ကနေ တစ်ဖက်သတ်ဆန်ဆန် စွန့်ပယ်တာတွေပြုလုပ်ခဲ့ပြီး ဒမတ်စကတ်ဝန်းကျင်မှာ တပ်ဖွဲ့တွေကို တစုတစည်းတည်းဖြစ်အောင် စုစည်းခဲ့ပါတယ်။

 

အဲဒီဒေသမှာ အာဏာလေဟာနယ်တစ်ခု ဖြစ်လာချိန်မှာတော့ ကာ့ဒ်တွေရဲ့ ယာယီကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကာ့ဒ်တွေအများစု အခြေချနေထိုင်ရာ ဆီးရီးယားမြောက်ပိုင်းကို ရိုဂျာဗာလို့လည်း ခေါ်ဆိုပြီး အဲဒီဒေသမှာရှိတဲ့ ကာ့ဒ်တွေရဲ့ နိုင်ငံရေးလှုပ်ရှား မှုကိုရည်ရွယ်တဲ့ ကာဒစ္စတန်အနောက်ဒေသလို့လည်း ဆိုကြပါတယ်။

 

၂၀၁၄ ခုနှစ်မှာတော့ အိုင်အက်စ်တွေဟာ ကိုဘာနီ မြို့ကိုဦးတည်ကာ တစ်ရွာပြီးတစ်ရွာသိမ်းပိုက်ပြီး ရိုဂျာ ဗာမြို့ကိုပါ ဖျက်ဆီးပစ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အဲဒီမြို့ ဟာလည်း ငါးလကြာသိမ်းပိုက်ခံလိုက်ရပါတယ်။ ဒါပေ မယ့် ကာ့ဒ်တိုက်ခိုက်ရေးသမားတွေက ကြီးမားတဲ့ ခုခံ တော်လှန်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကူအညီ ပေးထားတဲ့ YPG နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ အိုင်အက်စ် တွေကို အသာတကြည်ဆုတ်ခွာဖို့ မောင်းထုတ်ခဲ့ကြပါ တယ်။

 

တစ်ပတ်အကြာမှာတော့ ကိုဘာနီမြို့ကို အပြည့်အဝလွတ်လပ်တဲ့မြို့အဖြစ် ကြေညာခဲ့ပါတယ်။ အဲဒါဟာ အိုင်အက်စ်ဆန့်ကျင်တဲ့ အမေရိကန်ဦးဆောင်သော နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့နဲ့ ကာ့ဒ်တွေရဲ့အကြား ပူးပေါင်း ဆောင်ရွက်မှု စတင်ခြင်းလည်းဖြစ်ပါတယ်။

 

၂၀၁၆ ခုနှစ် မတ်လမှာ ဆီးရီးယားမြောက်ပိုင်းရဲ့ ဒီမိုကရက်တစ်ဖက်ဒရေးရှင်းအဖြစ် အစိုးရရဲ့ဖက်ဒရယ် စနစ်တစ်ခုကို စတင်လိုက်ကြောင်း ယင်းဒေသရဲ့ယာယီ အစိုးရတစ်ရပ်က ကြေညာလိုက်ပါတယ်။ အာရပ်တွေနဲ့ အခြားသောမျိုးနွယ်စုတွေအပြင် ကာ့ဒ်အများစုပါဝင်တဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာညွန့်ပေါင်း အဖွဲ့ရဲ့ထောက်ခံမှုနဲ့အတူ အစိုးရသစ်တစ်ရပ်ရဲ့ တရားဝင် ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

 

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့နဲ့ မဟာမိတ်ပြုပြီး ငါးနှစ်အကြာမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဟာ အထောက်အပံ့ပေးနေတဲ့ ဆီးရီးယားကာ့ဒ်တွေရဲ့ မဟာဗျူဟာမြောက်အရေးပါမှုတန်ဖိုးကို အလေးမထား တော့ပါဘူး။ အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှုဖြစ်ပေါ်လာပြီးနောက်မှာတော့ အမေရိကန်ရဲ့အကျိုးစီးပွားကို ကာလ ရှည်ကြာ ဖြည့်ဆည်းမပေးနိုင်မှုတွေ ရှိလာတာကြောင့် ဒေါ်နယ်ထရန့်အနေနဲ့ ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့ ဝင်တွေရုပ်သိမ်းဖို့ စီစဉ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်က ဒေါ်နယ်ထရန့်နဲ့ တူရကီ သမ္မတ အာဒိုဂန်တို့ ဖုန်းနဲ့ပြောကြားပြီးတဲ့နောက် ဆီးရီးယား ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမယ်လို့ ဒေါ်နယ် ထရန့်က ကြေညာခဲ့တာဖြစ်ပါတယ်။ ရက်အနည်းငယ် ကြာချိန်မှာတော့ ဒုက္ခသည်နှစ်သန်းကျော်အတွက် ဘေးကင်း လုံခြုံရေးဇုန်တည်ထောင်မှုကိုယိုးမယ်ဖွဲ့ပြီး တူရကီက ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်ဝင်ရောက်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

 

ကာ့ဒ်လူဦးရေအများအပြားနေထိုင်ရာဒေသတွေမှာ အီရန်နဲ့ တူရကီတို့ကတော့ ဆီးရီးယားပဋိပက္ခတွင် အဓိက ပါဝင်သူတွေပဲ ဖြစ်ပါတယ်။၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက လုပ်ဆောင်ခဲ့တဲ့ အက်စတာနာငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အန်ကာရာနဲ့ တီဟီရန်တို့က ဆီးရီးယားရဲ့ ပိုင်နက် နယ်မြေဂုဏ်သိက္ခာအတွက် ၎င်းတို့ရဲ့ အထောက်အပံ့ ပေးထားမှုကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

ကာ့ဒ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အမျိုးမျိုးအတွက် ကာလရှည် မျက်မုန်းကျိုးခံထားရတဲ့တူရကီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဆီးရီးယားမြောက်ပိုင်းမှာ တတိယအကြိမ်စစ်ဆင်ရေးကို ဦးဆောင်ဦးရွက်ပြုလုပ်ဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ အဲဒါကြောင့် အိုင်အက်စ် တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရင်းနဲ့ နယ်စပ်ဒေသ လုံခြုံရေးကို ထိန်းသိမ်းဖို့ရည်ရွယ်တဲ့ ၂၀၁၆ Euphrates Shield စစ်ဆင်ရေးနဲ့ ဆီးရီးယားကာ့ဒ်နယ်မြေတစ်ခုဖြစ်တဲ့ အာဖရင်ကိုသိမ်းပိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ ၂၀၁၈ Olive Branch စစ်ဆင်ရေးတို့အပြီးမှာပဲ ယခု ၂၀၁၉ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ Peace Spring စစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

ထိပ်တန်းဦးစားပေးရမယ့် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်ကြောင့်လည်း အရှေ့အလယ်ပိုင်း ဒေသမှာ ကာ့ဒ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အမျိုးမျိုးကို တူရကီအနေနဲ့ ပုံဖော်ခဲ့တာဖြစ်ပါတယ်။

 

သြဂုတ်လအစပိုင်းမှာ တူရကီနယ်စပ်တစ်လျှောက် ခံစစ်နေရာတွေကို ချေမှုန်းဖို့အတွက် အမေရိကန်ဟာ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေကို သိမ်းသွင်းစည်းရုံးခဲ့ပြီး တူရကီရဲ့တိုက်ခိုက်လာမှုမှန်သမျှကိုလည်း ကာကွယ် ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဆီးရီးယား ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းပြီးချိန်မှာတော့ ကာ့ဒ်တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ဖို့နဲ့ လုယက်မှုတွေ ပြုလုပ်ဖို့ ဝါရှင်တန်က တူရကီကိုခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အိုင်အက်စ်တွေကိုဆန့်ကျင်တဲ့ တိုက်ပွဲအတွင်းမှာ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဟာ တိုက်ခိုက်ရေးသမား ၁၁၀၀၀ ဆုံးရှုံးခဲ့ရပြီး ၂၀၀၀၀ လောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

 

တူရကီက ဆီးရီးယားကို ကျူးကျော်ဝင်ရောက်ခြင်းမှာ ပန်းတိုင်သုံးရပ်အောင်မြင်ဖို့ဖြစ်ပြီး ဆီးရီးယားမှာ ကာ့ဒ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသွားရေးမှ ကာကွယ်ရန်၊ ဒါမှမဟုတ် အချုပ်အခြာအာဏာပိုင နိုင်ငံဖြစ်သွားရေးမှ ကာကွယ်ရန်၊ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ရရှိရေး ကြိုးပမ်းမှုတွေ အားနည်း သွားရန်၊ အာဒိုဂန်ရဲ့ ဒေသတွင်းအာဏာကြီးစိုးမှုကြီးထွားလာရန်နဲ့ ဆီးရီးယား အာရပ်ဒုက္ခသည်အများစုရဲ့ဝန်ထုပ် ဝန်ပိုးကို လျော့ကျသွားစေရေးနဲ့ ကာ့ဒ်တို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဒုက္ခသည်တွေကို နေရာချထားပေးရန်တို့ပဲ ဖြစ်ပါတယ်။

 

ဆီးရီးယားကို ကျူးကျော်ဝင်ရောက်ပြီး တစ်လအကြာမှာတော့ ဆီးရီးယားနိုင်ငံအတွင်းက အဝေးပြေး လမ်းမအထိရောက်ရှိတဲ့ တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက်လုံးကို ထိန်းချုပ်ရရှိနိုင်ဖို့ဆိုတဲ့ တူရကီရဲ့ အစီအစဉ်ဟာ အောင်မြင်မှုမရရှိခဲ့ပါဘူး။ လူဦးရေ ထောင်ပေါင်းများစွာဟာလည်း အိုးပစ်အိမ်ပစ် ရွှေ့ပြောင်း သွားကြရပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းမှာ တည်ငြိမ်မှု နဲ့ လုံခြုံမှုအရှိဆုံးဖြစ်တဲ့ မြောက်ပိုင်းဒေသဟာလည်း ပဋိပက္ခဇုန်တစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒါ့အပြင် အိုင်အက်စ်တွေအတွက်လည်း တိုက်ခိုက်မှုတွေကို တစ်ကျော့ပြန်လုပ်ဆောင်ဖို့ အခြေအနေပေးလိုက် သလို ဖြစ်သွားခဲ့ပါတယ်။

အမေရိကန်နဲ့ တူရကီအကြား အပေးအယူလုပ်လိုက် ခြင်းရဲ့တိုက်ရိုက်အကျိုးရလဒ်ကတော့ နိုင်ငံမဲ့နိုင်ငံသား လို့ခေါ်တဲ့ ကာ့ဒ်တွေဟာ ရွေးချယ်စရာရရှိသွားတာ ဖြစ်ပါတယ်။ ကာ့ဒ်တွေကတော့ ခုခံကာကွယ်ဖို့အတွက် ရွေးချယ် ခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ယာယီကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကာကွယ်လျက်ရှိပါတယ်။

 

ဆီးရီးယားမှာဖြစ်နေတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေမှာ တူရကီသာ အမှန်တကယ် ပါဝင် ပတ်သက်ခဲ့မယ်ဆိုရင် အကောင်းဆုံးရွေးချယ်စရာကတော့ ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက် အပံ့ပေးဖို့ဖြစ်ပါတယ်။ အဲဒါကြောင့် ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်တွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ချင့်ချင့်ချိန်ချိန်တုံ့ပြန်ခြင်း ကသာ ၎င်းတို့ရဲ့ဒီမိုကရေစီဝါဒခံယူထားတဲ့ အခွင့်အရေးတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တောင်းဆို မှုတွေကို အလေးထားရာရောက်မှာ ဖြစ်ပါတယ်။

 

ကိုးကား- Fair Observer

ဘာသာပြန်- အလင်းသစ်