၁၈ နိုဝင်ဘာ

 

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခန်ဆိုခါ ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပေမယ့် သစ္စာဖောက်မှု နဲ့ တရားဆက်လက်ရင်ဆိုင်ရအုံးမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့ (တနင်္လာနေ့) မှာ ပြောကြားလိုက်ပါတယ်။

 

ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ(CNRP)ရဲ့ ပူးတွဲတည်ထောင်သူ အသက် ၆၅ နှစ်အရွယ် ခန်ဆိုခါ ကို ၂၀၁၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်မှာ ဖမ်းဆီထားရာမှ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ဖမ်းဆီးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က နေအိမ်အကျယ်ချုပ်ကနေ အာမခံပေးလိုက်တာ ဖြစ်ပါတယ်။

 

ဆိုခါဟာ နိုင်ငံပြင်ပကို ထွက်ခွာခွင့်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပါဝင်ကို ပိတ်ပင်ထားပါတယ်။  ဆိုခါကို စွဲဆိုထားတဲ့ စွဲချက်တွေကို ပယ်ဖျက်တာမဟုတ်ကြောင်း၊ ဒီအမှုရင်ဆိုင်ဖို့ အချိန်ကြာမြှင့်နေသေးကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားပါတယ်။ အခုဖြစ်စဉ်ဟာ အတိုက်အခံတွေကို နံရံကို ခေါင်းနဲ့ တိုက်သလိုမျိုးဖြစ်ကြောင်း ခြိမ်းခြောက်သလိုဖြစ်နေပါတယ်။

 

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတကာက ကျယ်ကျယ်လောင်လောင် ဝေဖန်နေပေမယ့် CNRPကို ပယ်ဖျက်လိုက်ပါတယ်။ 

 

CNRPပါတီကို ပယ်ဖျက်လိုက်ပြီးကတည်းက ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီတစ်ခုသာကျန်ခဲ့ပြီး ရွေးကောက်ပွဲမှာ သိမ်းကျုံးအနိုင်ရယူကာ တစ်ပါတီစနစ်နိုင်ငံအဖြစ်ကို ပြောင်းလဲသွားပါတယ်။

 

ဆိုခါရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ဆမ်ရိန်းဆီ က ပြင်သစ်နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးနေ့အတွက်  ပြန်လာဖို့ ကြိုးစားခဲ့ပါတယ်။ ပြင်သစ် လက်အောက်ကနေ ၁၉၅၃ ခုနှစ်  နိုဝင်ဘာလ ၉ ရက် လွတ်လပ်ရေးရရှိခဲ့ပါတယ်။

 

MDN

 

ကိုးကား - AFP