နေပြည်တော် ၁၈ နိုဝင်ဘာ
မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်၊ သစ်ခွဲပင်ကျေးရွာနှင့် တောင်လယ်ကျေးရွာကြား၊ မိုးမိတ်- တွင်းငယ်သွား ကားလမ်းတွင် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်စဉ် ၎င်းမှာ ဆိုင်ကယ်အားလှဲချပြီး လမ်းဘေးရှိတော အတွင်းသို့ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်ကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀,ဝ၀ဝ ကိုလည်းကောင်း၊
အလားတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ညီညီဇော် မောင်းနှင်ပြီး ဇော်မင်းထိုက်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ထို့အတူ နေထွန်း(ခ)သားငယ် မောင်းနှင်ပြီး မျိုးမင်းသူလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၉၆၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊
ထို့အတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျစီးကျေးရွာအနီးရှိ လင်းဘို(ခ)ကျဟဲ၏တောင်ယာတဲအားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးအကြေမှုန့် ၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


