၁၉ နိုဝင်ဘာ
ဆီးရီးယားနိုင်ငံမှ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ယနေ့မနက် အစောပိုင်းက ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ရာ ၎င်းတို့၏ ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ်တိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ဆီးရီးယားမှ အစ္စရေး ပိုင်နက်သို့ ပစ်လွှတ်ခဲ့သော ဒုံးကျည် လေးစင်းကို အစ္စရေး လေကြောင်း ကာကွယ်ရေး စနစ်များဖြင့် ကြားဖြတ်တိုက်ခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထိုကြေညာချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ဝန်ခံပြောကြားခြင်း မရှိခဲ့ပေ။
အစ္စရေးသည် ဆီးရီးယားတွင် ရာချီရှိသော လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်ကာ အီရန်တို့ တည်ရှိရာ နေရာနှင့် လက်ဘနွန် ပြည်သူ့စစ်ဟဇ်ဘိုလာတို့၏ လက်နက်ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အစ္စရေး လေကြောင်း တပ်ဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ ခြင်းမရှိကြောင်း အစ္စရေးမီဒီယာ ဖော်ပြချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


