၂၅ နိုဝင်ဘာ
လေးက ထမင်ခွံနေချိန်မှာ ထမင်းမစားဘူးဘဲ လုပ်နေတယ်၊ သိပ်နေတာကိုတော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကို တောက်တောက်နဲ့ လျှောက်ပြေးနေတယ်။ သားသားကလည်း ပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီး ဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲ မေမေဖေဖေတို့………ကြောက်အောင်ခြောက်တယ်ဟုတ်………
ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု
ကလေးကပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု ရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာနေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံးခြောက်လှန့် တတ်ကြလဲသိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။ ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သးဘူးလား ဒေဝေါကြီးကိုခေါ်လိုက်မှာနော် ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲက ကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့ လူကြီးဆိုတာမျိုး တွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။
ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့် ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ အကြောက်တရားကြီးစိုး ခံလိုက်ရပါတယ်နော်။ အကြောက်တရားနဲ့ ကြီးပြင်းစေမှုက ကလေးအရွယ်မှာတင် ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ အသက်ကြီးတဲ့အထိ စိတ်ထဲမှာ တစ်ချိန်လုံးစွဲနေမယ်ဆိုတာကို သတိရစေချင်ပါတယ်။
ခြောက်လှန့်မှု နည်းလမ်းကိုအများဆုံးခံကြရတဲ့ အသက်အရွယ်အပိုင်းအခြား
ဒီလိုခြောက်လှန့်မှုတွေက ပက်လက်ကလေးနေရတဲ့ မွေးစအရွယ်နဲ့ မှောက်တတ်၊ လေးဖက်ထောက် သွားတတ်တဲ့ အရွယ်တွေမှာ မကြုံရပါဘူး။ လမ်းလျှောက်တတ်စ၊ စကားပြောတတ်စ အရွယ် ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ အများဆုံးခြောက်လှန့်ခံရတာပါ။ မိဘတွေ သတိမထားမိတာက ဒီအရွယ်မှာ ကလေးတွေက မှတ်ဉာဏ်ကို စတင်တည်ဆောက်နေတဲ့ အရွယ်လည်း ဖြစ်ပါတယ်။ ဒီမှတ်ဉာဏ်က အသက်ကြီးတဲ့အထိ တောက်လျောက်ပါသွားတာပါ။ ကလေးရဲ့မှတ်ဉာဏ်က ၁ နှစ် ကနေ ၃ နှစ်အတွင်းမှာ စတင်ဖွံ့ဖြိုးတာဖြစ်ပြီး ဒီအချိန်က အဓိက သတိထားရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ကလေးကိုမခြောက်ပါနဲ့။ အတတ်နိုင်ဆုံး စိတ်ရှည်ရှည်နဲ့ နားလည်အောင်ရှင်းပြပေးပါ။ တစ်သက်တာအတွက် မှတ်ဉာဏ် တည်ဆောက်တဲ့အရွယ်မှာ ကလေးကို အကြောက်တရားမကြီးစိုးစေဖို့ အထူးဂရုပြုပေးပါနော်။
ကလေးကို ခြောက်လှန့်တော့ ဘာတွေဖြစ်လာမလဲ
ကလေးကအရွယ်လေးရောက်လာတဲ့အခါ တစ်ယောက်တည်း ဘယ်မှမသွားရဲဘူး။ ရေချိုးခန်း၊ အိမ်သာသွားဖို့လည်း ကြောက်တယ်။ တစ်ယောက်တည်း မအိပ်ရဲဘူး။ အိပ်နေရင်း အမေအင်္ကျီစကို ဆွဲထားတာမျိုး ကြုံရတယ်။ ဒီအခါကျ မိဘတွေပြောမိတာက မရှိတာကို ဘာတွေများတွေးကြောက် နေတာလဲပေါ့။ ပြန်တွေးကြည့်လိုက်နော်။ ဒါက ကိုယ်တွေလုပ်ခဲ့မိတာကြောင့် ကလေးက အကြောက်တရားနဲ့ ကြီးပြင်းလာခဲ့လို့ပါ။ နေလေးနည်းနည်းဝင်သွားတာနဲ့ အိမ်နောက်ဖေး မသွားရဲတော့ဘူး။ အိမ်သာထဲမဝင်ရဲဘူး။ ရေချိုးခန်းထဲမသွားရဲဘူး ဆိုတာတွေဖြစ်လာပြီလေ။ မရှိတာကိုတွေး ကြောက်တတ်ပြီလေ။ မီးပျက်တဲ့အချိန်တွေဆို နောက်ကနေ တကောက်ကောက်လိုက် နေရောပဲနော်။ သူ့ခမျာကြောက်တာကိုး။
ကလေးကခြောက်လှန့်မှုတွေနဲ့ကြီးပြင်းလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကြီးထွားဖွံ့ဖြိုးမှုတွ ေဖြစ်လာပါတယ်နော်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းမယ် -ခြောက်လှန့်မှုတွေနဲ့ ကြီးပြင်းခဲ့ရမှုက ကလေးကိုယုံကြည်မှု ကျဆင်းစေနိုင်ပါတယ်။ ကလေးက မလိုအပ်ဘဲ အရာရာကိုတွေးကြောက် နေတတ်တဲ့ အကျင့်စွဲ သွားနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားရနေပါမယ် – ကလေးက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအားနည်းပြီး ဘယ်သူ့ကိုမှ မယုံကြည်တော့တာမျိုး ဖြစ်လာနိုင်ပါ။ ဒီအခြေအနေက ကလေးကို စိုးရိမ်စိတ်များစေပြီး ရေရှည်မှာ စိတ်ဓာတ်ကျတာမျိုး ခံစားရစေနိုင်ပါတယ်နော်။ ကလေးက အရာရာကို အဆိုးမြင်တတ်လာတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်နော်။
စိုးရိမ်စိတ်ကဲစေမယ် – ကလေးက အရာရာကို စိုးရိမ်နေတတ်ပြီး ကောင်းကောင်းမအိပ်တာ၊ အစားကောင်းကောင်း မစားတာမျိုးတွေ ရှိလာနိုင်ပါတယ်။ သူငယ်ချင်း မိတ်ဆွေနည်းပြီး တစ်ယောက်တည်းနေရင်းက အထီးကျန်ဆန်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးပိုင်းမှာ အားနည်းသွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
အဆိုးမြင်တတ်လာမယ် – ကလေးတွေက အရမ်းငယ်သေးတဲ့အရွယ်မှာ ရိုက်သွင်းခံလိုက်ရတဲ့ အတွေးကို သက်ဆုံးတိုင် သယ်သွားတတ်ကြပါတယ်။ သူတို့အတွေးမှာ ပတ်ဝန်းကျင်က ကြောက်စရာတွေနဲ့ ပြည့်နေတယ်လို့ တွေးမိရင် ဘယ်အရာကို အကောင်းတွေးတော့မလဲနော်။ စိတ်ပိုင်းဆိုင်ရာအရ ခြောက်လှန့်ခံရတဲ့ ကလေးတွေက အခြားကလေးတွေထက် အဆိုးပိုမြင် တတ်ကြပါသတဲ့။
ငယ်စဉ်အရွယ်မှာ ခြောက်လုံးလှန့်လုံးတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက အရွယ်ရောက် လာတဲ့အခါ စိတ်ဓာတ်ကျတာ၊ စိတ်ကစဉ့်ကလျား ဖြစ်တာတွေကို အခြားသူတွေထက် ခံစားရနိုင်ခြေ ပိုများနေပါတယ်။ ဒါကြောင့်ကလေးကို ချစ်ရင်ခြောက်လှန့်နေတာတွေကို အခုချက်ချင်းရပ်ပါလို့ ပြောပါရစေနော်။ ကလေးကိုခြောက်လှန့်ခံရမှုကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေ မခံစားရစေဖို့အတွက် ခြောက်လှန့်တာမဟုတ်ဘဲ ဆန်းသစ်တဲ့ နည်းလမ်းလေးတွေနဲ့ ပြဿနာကိုဖြေရှင်းပါနော်။ နားလည်အောင် ရှင်းပြပေးတာ အကျိုးသင့် အကြောင်းသင့်လေး ပြောပြပေးတာမျိုးပေါ့။
မှတ်ဉာဏ်တည်ဆောက်စအရွယ်မှာ စိတ်ဒဏ်ရာမရစေဖို့ ကလေးကိုခြောက်လှန့်နေတာတွေ……. အခု…….ရပ်…………
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”


