၅ ဒီဇင်ဘာ
ဟောင်ကောင်အလံတင်ထားသော သင်္ဘောတစ်စီးပေါ်တွင်ပါရှိသော အိန္ဒိယ သင်္ဘောသား ၁၈ ဦးကို နိုင်ဂျီးရီးယားပင်လယ်ကမ်းခြေအနီးတွင် ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားခဲ့သည်ဟု ဒေသတွင်း ရေကြောင်းဖွံ့ဖြိုးတိုးတက်ရေးကမ္ဘာလုံးဆိုင်ရာ အေဂျင်စီ ARX Maritime ဖော်ပြချက်ကို ကိုးကားပြီး ဒေသမီဒီယာက ဖော်ပြခဲ့သည်။
ဟောင်ကောင်အလံတင်ထားသော နေ့ဗ်ကွန်ဆတယ်လေးရှင်း သင်္ဘောသည် ပြီးခဲ့သည့် အင်္ဂါနေ့ ညနေပိုင်းက နိုင်ဂျီးရီးယားကို ဖြတ်သန်းသွားစဉ် ပင်လယ်ဓားပြများက သင်္ဘောသား ၁၉ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း၊ ၎င်းတို့မှာ အိန္ဒိယနိုင်ငံသား ၁၈ ဦး နှင့် တူရကီ နိုင်ငံသား တစ်ဦးတို့ ဖြစ်ကြောင်း ARX Maritime ဝက်ဘ်ဆိုက်တွင် ယမန်နေ့က ဖော်ပြခဲ့သည်။
အဆိုပါ သင်္ဘောမှာ ယခုအခါ လုံခြုံစိတ်ချရပြီး နိုင်ဂျီးရီးယားရေတပ်က စောင့်ရှောက်ထားကြောင်း ထပ်လောင်းဖော်ပြထားသည်။
ပြန်ပေးဆွဲခံ အိန္ဒိယနိုင်ငံသားများကို ကယ်တင်ရန် နှင့် အသေးစိတ်အချက်အလက်များ သိရှိရန် အကူအညီ ရရေးအတွက် နိုင်ဂျီးရီးယားရှိ အိန္ဒိယအဖွဲ့သည် အာဖရိကနိုင်ငံ အာဏာပိုင်များထံ ချဉ်းကပ်ခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်ကို ကိုးကားပြီး အိန္ဒိယနိုင်ငံ၏ အကြီးဆုံးသတင်းအေဂျင်စီ Press Trust of India က ယမန်နေ့က ဖော်ပြခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


