နေပြည်တော် ၅   ဒီဇင်ဘာ 

ဒီဇင်ဘာ ၄ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ စင်းဟောက်ကျေးရွာအနီး၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း တွင် ရင်စိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁၀ဝ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၀နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက တပ်မတော်မှ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာ ဆိပ်ကမ်းရှိ ပုလဲတံတားပေါ်တွင် မြိတ်မြို့မှ အလယ်မန်ကျေးရွာဘက်သို့ ဆိုက်ကပ်လာသည့် အမြန်ရေ ယာဉ်ပေါ်မှ ဆင်းလာသော သန်းနိုင်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၉,၅၀ဝ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ 

ထို့အတူ ယင်းနေ့နံနက်ပိုင်းက တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ ပုဂံလမ်းရှိဟိုတယ်၊ အခန်းအမှတ်(A-3)သို့ ဝင်ရောက် ရှာဖွေရာ အခန်းအတွင်း ရွှေသန်း(ခ)စိုးမိုးနိုင်၊ အီဇာနှင့် ဖရန့်စစ္စကို (ခ)ဘဘယ်တို့ ၃ ဦးအား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၇၂၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ 

အလားတူယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်း ကျေးရွာအနီး၊ နမ့်ခမ်း- မန့်ဟောင်းကူးတို့ဆိပ်သွားကားလမ်းပေါ်တွင် တန်နိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၅၅၀ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ 

ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့၊ အမှတ်(၇)ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အမှတ်(၂၀၄)နေ စိုးအောင် ၏ နေအိမ်ကိုရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀ဝ နှင့် မြန်မာငွေကျပ် ၅၀,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင် ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွားကားလမ်းတွင် ဌေးဝင်းဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆာလာအိတ် ၂ အိတ်အတွင်းမှ ဘိန်းစိမ်း ၆၁ ဒသမ ၅ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ 

ထို့အတူ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီး စစ်ဆေးရေးဂိတ်တွင် အောင်နိုင်လင်း(ခ)ငယ်လေး မောင်းနှင်ပြီး သန်းစိုး လိုက်ပါလာသည့် ၆ ဘီး မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၀၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဒသမ ၇၅ ကီလို နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)