၆ ဒီဇင်ဘာ
ဂျာမနီဝန်ကြီးချုပ် အန်ဂျာလာ မာကယ်ဟာ ပိုလန်နိုင်ငံ အော့ဇဝှစ်ချ် ရှိ နာဇီမရဏအကျဉ်းစခန်းကို သောကြာနေ့မှာ သွားရောက်ခဲ့ပါတယ်။ မာကယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ် ၁၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး မရဏအကျဉ်းစခန်းကို သွားရောက်သူ ဂျာမနီဝန်ကြီးချုပ်တွေထဲမှာ မာကယ်ဟာ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မာကယ်က ဂျူးဆန့်ကျင်ရေးနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ အမုန်းတရားတိုက်ဖျက်ရေးဟာ သူမအစိုးရရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တယ်။ ဂျာမနီမှာနေထိုင်တဲ့ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြည့်စုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်လို့ အသက် ၆၅ နှစ်အရွယ် ဝန်ကြီးချုပ်က အော့ဇဝှစ်ချ်ကို မသွားမီ မနေ့က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားပါတယ်။ တစ်ဆက်တည်း ဂျာမနီအစိုးရမှ အော့ဇ်ဝှစ်ချ်ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ၆၆ သန်း လှူဒါန်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်လက ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဟဲမြို့ရှိ ဂျူးဘုရားကျောင်းတစ်ခုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရာ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ဂျူးဆန့်ကျင်ရေး လှိုင်းမြင့်မားလာတဲ့အတွက် မာကယ်ဟာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းဟာ လူ့ယဉ်ကျေးမှုကို ဖြတ်တောက်ခြင်းသာ ဖြစ်တယ်လို့ စိုးရိမ်တကြီး ပြောဆိုနေပါတယ်။ ဂျာမနီနိုင်ငံမှာ ဂျူးဆန့်ကျင်ရေးဟာ ၂၀၁၇ ခုနှစ်က ၁၆၄၆ မှုဖြစ်ပွားပြီး မနှစ်ကထက် ၁၀ ရာခိုင်နှုန်း များပြားလာရာ ဆယ်စုနှစ်အတွင်းမှာ အမြင့်ဆုံးဖြစ်လာကြောင်း သိရပါတယ်။
မာကယ်ဟာ အကျဉ်းစခန်းရဲ့ ဝင်ပေါက်မှာ ဂျာမန်လိုရေးသားထားတဲ့ “အလုပ်က သင့်ကို လွတ်မြောက် စေမယ်”ဆိုတဲ့ စာတန်းချိတ်ဆွဲထားတဲ့ ဂိတ်ပေါက်ကို ဖြတ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ ထောင်၊ သောင်းချီတဲ့ အကျဉ်းသားတွေကို ပစ်သတ်ခဲ့တဲ့ မရဏတံတိုင်းရှေ့မှာ တစ်မိနစ်ငြိမ်သက် အလေးပြုမယ်လို့လည်း သိရပါတယ်။
အော့ဇဝှစ်ချ်မရဏအကျဉ်းစခန်းမှာ ဂျူးလူမျိုး တစ်သန်းနဲ့အတူ ဂျူးမဟုတ်တဲ့ ပိုလန်၊ စစ်ပွဲတွင်းက ဆိုဗီယက်အကျဉ်းသားများ၊ ရိုမားနဲ့ နာဇီဆန့်ကျင်သူပေါင်း ၁၀ဝ,ဝ၀ဝ တို့ အသတ်ခံခဲ့ရပါတယ်။
မာကယ်ဟာ ၂၀ဝ၈ ခုနှစ်တွင် အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ ပထမဦးဆုံး ဂျာမန်ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ အခုချိန်ထိ ဂျာမနီလူမျိုးတွေဟာ အရှက်ရနေဆဲပါလို့ ပြောပါတယ်။
MDN
ကိုးကား - AFP


