နယူးဒေလီ ၂၃ ဒီဇင်ဘာ
အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်းဖြစ်ပွား လျက်ရှိရာ ဆန္ဒပြပွဲများအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် သေဆုံးသူ အရေအတွက်မှာ ဒီဇင်ဘာ ၂၁ ရက်တွင် ၂၄ ဦးအထိ မြင့်တက် လာကြောင်း အာဏာပိုင်များက ပြောကြားသည်။
နိုင်ငံမြောက်ပိုင်း ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ် ရမ်ပါဒေသတွင် ဆန္ဒပြသူများနှင့် ရဲများအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့မှုအတွင်း ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် ၁၅ ဦးအထိ ရှိခဲ့သည်။ သေဆုံးသူများထဲတွင် အသက်ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ရဲများက ဆန္ဒပြလူအုပ်ကို လက်ကိုင်တုတ်များဖြင့် ရိုက်နှက် ခဲ့ပြီးနောက် ဖရိုဖရဲဖြစ်နေသည့် လူအုပ်အတွင်းပိမိကာ ကလေးငယ် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ ပဋိပက္ခဖြစ်ပွားမှုအတွင်း လူ ၁၅ ဦး အထိသေဆုံးခဲ့ရကြောင်း အကြီးတန်း ရဲတပ်ဖွဲ့ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၌ နိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအများအပြား ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူများက အဆိုပါဥပဒေသည် မွတ်စလင်များကို ခွဲခြားဆက်ဆံသည့် ဥပဒေဖြစ် ကြောင်း ပြောဆိုလျက်ရှိသည်။
ဥတ္တရာပရာဒေ့ရှ် ရဲတပ်ဖွဲ့ အကြီးအကဲ အိုပီဆင်းက ရဲတပ်ဖွဲ့၏ သေနတ်ပစ်ခတ်မှုကြောင့် ပြည်နယ် အတွင်း သေဆုံးရသူ တစ်ဦးမျှမရှိ ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံသား ဥပဒေသစ်ကို ဆန့်ကျင်သည့် လူထု စုဝေးချီတက်မှုများ ရပ်တန့်စေရန် ရဲတပ်ဖွဲ့က ကြိုးပမ်းရာမှ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုများ စတင်ခဲ့ ကြောင်း ဒေသခံပြည်သူများက ဆိုသည်။
ရဲတပ်ဖွဲ့က လူအုပ်ကို ထိန်းချုပ်ရန် မျက်ရည်ယိုဗုံးများပစ်သွင်းခဲ့ပြီး လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခဲ့ရာ ဆန္ဒပြသူများက ရဲများကို ကျောက်ခဲ များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။
အာဏာပိုင်များက ရုန်းရင်း ဆန်ခတ်ဖြစ်ပွားနေသည့် ဒေသအချို့တွင် မိုဘိုင်းဖုန်းအင်တာနက် ဝန်ဆောင်မှုများကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ


