၂၃ ဒီဇင်ဘာ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့တွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက ပစ်ခတ်မှုလေးခု ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးခဲ့ပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ယမန်နေ့က ဖော်ပြခဲ့သည်။

ပစ်ခတ်မှုတစ်ခုမှာ တနင်္ဂနွေနေ့ မနက် ၁ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့ပြီး အမည်မသိသံသယရှိသူ နှစ်ဦးပါဝင်ကာ တစ်ဦးမှာရိုင်ဖယ်သေနတ် တစ်လက်နှင့် အခြားတစ်ဦးမှာ ပစ္စတိုသေနတ်တစ်လက် ကိုင်ဆောင်ထားကြပြီး  ဘော်လ်တီမိုး မြို့လယ်ရှိ ၂၂၅ ပန်းခြံ ၌ iVilla Hookah Lounge အပြင်ဘက်တွင် ရှိနေသော လူအုပ်စုတစ်စုကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ်သုံးဦးအပါအဝင် လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားပြီး ဘော်လ်တီမိုး ဆန်းက ဖော်ပြထားသည်။

အလားတူ ယမန်နေ့မွန်းလွဲပိုင်းကလည်း မြို့လယ် ကုန်စုံဆိုင်တစ်ခုတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့သည်။

စနေနေ့ ညနေပိုင်းက ပစ်ခတ်မှုနှစ်ခုဖြစ်ပွားခဲ့သဖြင့် မြို့လယ်ခေါင်ရှိ ဆံပင်အလှပြင်ဆိုင်တစ်ဆိုင်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အနီးနားရှိ ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးသွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအသီးသီးနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်သာဖော်ပြခဲ့ပြီး ယမန်နေ့ညနေပိုင်းအထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် သံသယရှိသူများကို ဖော်ထုတ်ပြီး ထိုသေနတ်သမားများအား တရားမျှတမှုရှိစေရန် မရပ်မနားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဘော်လ်တီမိုးမြို့တော်ဝန် ဘာနတ်ဒ် ယောင် က တွစ်တာတွင် ယမန်နေ့က ရေးသားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို