၂၇ ဒီဇင်ဘာ
အောက်တိုဘာလအတွင်းက တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ကြောင့် ဂျပန်နိုင်ငံတစ်ဝန်းရှိ အများပြည်သူစာကြည့်တိုက် ၁၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဂျပန်ပညာရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း တိုဟိုကူဒေသရှိ စာကြည့်တိုက် ၁၀၈ ခုသည် အင်အားပြင်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးခြင်းနှင့် ကြုံတွေ့ခဲ့ရပြီး အဆောက်အအုံပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အချို့သော စာကြည့်တိုက်များကို ယခုထက်တိုင် ပိတ်သိမ်းထားပြီး ၎င်းတို့၏ ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားရဆဲဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်များမှ စာကြည့်တိုက် ကိုးခုလည်း ပျက်စီးသွားခဲ့ကြောင်း တက္ကသိုလ်စာကြည့်တိုက်အဖွဲ့အစည်းများက ပြောခဲ့သည်။
တိုကျိုမြို့တော်တက္ကသိုလ်စာကြည့်တိုက်ရှိ သိမ်းဆည်းထားသော စာအုပ်များ၏ ၃၀ ရာခိုင်နှုန်းခန့်၊ စာအုပ်ပေါင်း ၈၃,၀၀၀ ကျော်သည် ရေစိုသွားသည့်အတွက် စာကြည့်တိုက်အား ဆက်လက် ပိတ်ထား ရဆဲဖြစ်သည်။ စာကြည့်တိုက်ပြင်ဆင်မှုကို ဧပြီလတွင်စတင်မည့် ပညာသင်နှစ် အချိန်မီ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပျက်စီးသွားသော စာကြည့်တိုက်များအနေနှင့် တိုင်ဖွန်းမုန်တိုင်းအတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ မလုပ်ဆောင်ရသေးကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သို့သော်လည်း အနာဂတ်တွင် ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်များအား တုံ့ပြန်ရန် ပြင်ဆင်မှုခြေလှမ်းများ အကောင်အထည်ဖော်ရန်နှင့် အသေးစိတ်အချက်အလက်များ လေ့လာရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်


