နူဆူလ်တန် ၂၇ ဒီဇင်ဘာ

 

ယနေ့နံနက်ပိုင်းက ကာဇတ်စတန်နိုင်ငံ၊ အယ်လ်မာတီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းမှာ လေဆိပ်မှပျံတက်ပြီး သိပ်မကြာမီ ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ကာဇတ်စတန်အစိုးရက ပြောကြားသည်။

 

Bek Air လေကြောင်းလိုင်းမှ အဆိုပါ ခရီးသည်တင်လေယာဉ်ပေါ်၌ အမှုထမ်းငါးဦးအပါအဝင် လူ ၁၀၀ ပါရှိကြောင်း ကာဇတ်စတန်နိုင်ငံ၊ အရေးပေါ်အခြေအနေများကော်မတီက ပြောကြားသည်။

 

လေယာဉ်ပျက်ကျမှုအတွင်း ကလေးငယ်ခြောက်ဦး အပါအဝင် လူ ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု အရေးပေါ်အခြေအနေများကော်မတီက ပြောသည်။

 

ကာဇတ်စတန်သမ္မတ ကာဆင်းဂျိုမတ်တိုကာဗက်ဗ်က သေဆုံးသူများ၏ မိသားစုများထံ လျော်ကြေးငွေ ပေးအပ်မည်ဟု ကတိပြုခဲ့ပြီး လေယာဉ်ပျက်ကျမှုတွင် တာဝန်ရှိသောသူများကို ဥပဒေနှင့်အညီ ပြင်းပြင်း ထန်ထန် အရေးယူမည်ဟု တွစ်တာ၌ ရေးသားခဲ့သည်။

 

အဆိုပါလေယာဉ်မှာ ကာဇတ်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ အယ်လ်မာတီမှ နိုင်ငံ့မြို့တော် နူဆူလ်တန်သို့ ပျံသန်းနေချိန် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

လေယာဉ်ပျက်ကျရာ ပတ်ဝန်းကျင်အခြေအနေများကို စုံစမ်းစစ်ဆေးရန် အစိုးရ ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ကြောင်းလည်း သမ္မတ တိုကာဗက်ဗ်က ပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေဆဲဖြစ်ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများက လေယာဉ်ပျက်ကျရာနေရာ၌ လုပ်ငန်းဆောင်ရွက် လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်