တိုကျို ဒီဇင်ဘာ ၂၇

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောင်းရွှေ့ရန် စီစဉ်ထားသည့် အမေရိကန်မရိန်းလေတပ်စခန်း အလုံးစုံဆောက် လုပ်ပြီးစီးသည့် အချိန်အထိ ၁၂ နှစ်ခန့် ကြာဦးမည်ဖြစ်ကြောင်းနှင့် မျှော်မှန်းထားသည်ထက် ငွေကြေးပိုမို သုံးစွဲရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ယင်းစခန်းကို ပာနိုကိုစီရင်စုရှိ နာဂိုမြို့တွင် ပြောင်းရွှေ့နေရာချရန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံခန့် ကုန်ကျနိုင်ခြေရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ယခုကုန်ကျမည့် ပမာဏသည် ယခင်ခန့်မှန်းထားသည်ထက် ၂ ဒသမ ၅ ဆ ပိုများနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်က စီစဉ်ခဲ့သည့် ယခုပြောင်းရွှေ့ရေးအစီအစဉ်တွင် ဂျပန်နှင့်အမေရိကန်တို့က ဖူတဲန်းမစစ်စခန်းကို အစောဆုံး ၂၀၂၂ ဘဏ္ဍာနှစ်တွင် အိုကီနာဝါကို ပြန်ပေးမည်ဟု ပြောခဲ့သည်။ မြေဖို့လုပ်ငန်းများ ပြီးစီးရန် ငါးနှစ် အချိန်ယူ လုပ်ဆောင်မည်ဟုလည်း ပြောသည်။ သို့သော်လည်း မြေပြင်အနေအထား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် အကြီးအကျယ် လိုအပ်နေသည်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

မြေပြင်အနေအထား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် မြေဖို့လုပ်ငန်းများအတွက် အချိန် ၉ နှစ်နှင့် ၃ လခန့် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် လေယာဉ်ကွင်း တည်ဆောက်ပြီးစီးရန် ၁၂ နှစ်ခန့် အချိန်ယူရနိုင်ဖွယ်ရှိနေကြောင်း ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး အစီအစဉ်သစ်တွင် ဖော်ပြထားသည်။ အဆိုပါ စခန်းပြောင်းရွှေ့မှုသည် အနည်းဆုံး ၂၀၃၀ ပြည့်နှစ်အထိ ရွေ့သွားနိုင်ခြေရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ