ဝါရှင်တန် ဒီဇင်ဘာ ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီဂျစ်သမ္မတ အဗ်ဒယ်လ်ဖာတတ် အယ်လ်စီစီတို့သည် လစ်ဗျားအရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
အမေရိကန်နှင့် အီဂျစ်ခေါင်းဆောင်တို့သည် ဆက်သွယ်ဆွေးနွေးစဉ် လစ်ဗျားပဋိပက္ခအား နိုင်ငံခြားမှ ကိုယ်ကျိုးအတွက် အမြတ်ထုတ်မှုကို ပယ်ချခဲ့ကြပြီး နှစ်နိုင်ငံအနေဖြင့် လစ်ဗျားပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးအတွက် အရေးတကြီး လုပ်ကိုင်ဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်ဟု အိမ်ဖြူတော်က ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် လစ်ဗျားအစိုးရကို ထောက်ခံအားပေးသည့်အနေဖြင့် လစ်ဗျားနိုင်ငံသို့ တူရကီတပ်ဖွဲ့စေလွှတ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ပါလီမန်ပြန်လည်စတင်လျှင် စတင်ချင်း မိတ်ဆက်ပေးမည်ဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က ဒီဇင်ဘာ ၂၆ ရက် တွင်ပြောကြားသည်။ တူရကီအစိုးရသည် လစ်ဗျားအစိုးရ၏ မေတ္တာရပ်ခံချက်ကို တုံ့ပြန်သည့်အနေဖြင့် လစ်ဗျားနိုင်ငံ၌ တူရကီတပ်ဖွဲ့ ဖြန့်ကြက်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
ထို့အပြင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် လစ်ဗျားအစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဖာသီဘရှားဂါက လစ်ဗျားအစိုးရအား ပံ့ပိုးကူညီရန်အတွက် တူရကီ - တူနီးရှား -အယ်လ်ဂျီးရီယားတို့ ပါဝင်သော မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းထူထောင်ခဲ့သည်ဟု ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
“တူရကီ၊ တူနီးရှားနှင့် အယ်ဂျီးရီးယားနိုင်ငံတို့နဲ့ ကြီးမားတဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိတော့မှာဖြစ်ပြီး ကျွန်တော်တို့ဟာ မဟာမိတ်တစ်ခုထဲမှာ ရှိကြတော့မှာပါ” ဟု ဘရှားဂါက တူနီးရှားနိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ထည့်သွင်းပြောကြားသည်။ “ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် လစ်ဗျား အစိုးရသည် နိုင်ငံတကာက အသိအမှတ်ပြုသည့် အစိုးရဖြစ်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လျက်ရှိသည်ဟု ၎င်းက အလေးအနက် ပြောကြားသည်။
သို့သော် တူနီးရှားသမ္မတကမူ တူနီးရှားနိုင်ငံသည် လစ်ဗျားနိုင်ငံနှင့်ပတ်သက်၍ မည်သည့်မဟာမိတ်နှင့်မျှ ပါဝင်ပတ်သက်ခြင်းမရှိဟု ဒီဇင်ဘာ ၂၆ ရက်ညနေပိုင်းက ငြင်းပယ်လိုက်သည်။ လစ်ဗျားနိုင်ငံသည် ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် မြို့တော်ထရီပိုလီမြို့အခြေစိုက် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် အဖွဲ့နှင့် နိုင်ငံ၏ အရှေ့မြောက်ဘက် တိုဘရုခ်မြို့အခြေစိုက် ခါလီဖာဟာဖ်တာ ဦးဆောင်သော လစ်ဗျားအမျိုးသားတပ်မတော်ဟူ၍ အုပ်စုနှစ်စုကွဲသွားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဂျေတီ


