နေပြည်တော် ၂၉ ဒီဇင်ဘာ

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီဂရိတ်အထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၁)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ မင်းတပ်မြို့၊ ရမ်ကလောင်းနှင့် မိုးကုတ်မြို့တို့တွင် (၄)ဒီဂရီစင်တီ ဂရိတ်စီ၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် မင်းကင်းမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ဟဲဟိုးမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မြိတ်မြို့တွင် (၀.၇၀)လက်မ၊ မိုင်းဆတ်မြို့တွင် (၀.၅၉)လက်မ၊ ကွမ်းလုံမြို့တွင် (၀.၃၂)လက်မ၊ လားရှိုး မြို့တွင် (၀.၂၄)လက်မနှင့် မူဆယ်မြို့တွင် (၀.၀၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေ မှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာန