ကလော ၃ ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အမှတ် (၁၁)ရပ်ကွက် နန်းသဲကျေးရွာအနီး ကားလမ်း မိုင်တိုင်(၀/၅)နှင့် (၀/၆)အကြား၊ ရထားလမ်းမိုင်တိုင်အမှတ် (၃၆၆/၁၆)နှင့် (၃၃၆/၁၇)အကြား၌ ဇန်နဝါရီ  ၂ ရက် ညနေပိုင်းက မီးရထားနှင့် (၆)ဘီးထော်လာဂျီတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကလောမြို့ အင်းပြင်ကျေးရွာနေသူ ယာဉ်မောင်း ဘိုဘိုဖြူ ၂၁ နှစ် မောင်းနှင်လာသည့် ထော်လာဂျီ သည် ကလောဘူတာ နှင့် မြင်းဒိုက်ဘူတာကြား ကားလမ်း-ရထားလမ်း သံလမ်းကူးအဆုံတွင် ကလောဘူတာမှ ထွက်ခွာလာသည့် မီးရထားအမှတ်(၁၄၈)အစုန် ရပ်စောက်-သာစည်ရထားအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် ထော်လာဂျီရှေ့ဦးခေါင်းပိုင်းနှင့် မီးရထားစက်ခေါင်း ပျက်စီးသွားခဲ့ပြီး ခရီးသည်နှင့် ယာဉ်မောင်းများ ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍  မီးရထားခုတ်မောင်းစဉ် ရထားလမ်းအား  မဆင်မခြင်လမ်းဖြတ်ကူးသူ ဘိုဘိုဖြူအား ကလောမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ သိရသည်။

MDN