နေပြည်တော် ၄ ဇန်နဝါရီ
မိုးညှင်းမြို့နယ်၊ လုံးတုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီက မိုးညှင်းမြို့နယ်၊ မမုန်ကိုင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ လယ်ကွင်းပြင်တွင်တွေ့ရှိသူ သန်းအောင်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့နံနက်ပိုင်းတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်ပါယ်ကျေးရွာ၊ နောင်ပါယ်တံတားအနီး၊ မိုင်းပျဉ်း-တောင်ကြီးသွားလမ်းတွင် စည်သူ(ခ)စည်သူဟိန်းစံ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၈၀ ကိုလည်းကောင်း။
ထို့အတူ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာအုပ်စု၊ နားအွမ်ကျေးရွာနေ စိုင်းနောင့်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀ဝ ကိုလည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာနေ အားတီ(ခ)ချိန်ယုံစိမ်း နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၆၀ဝ၀ နှင့် အိုက်စ် ၈ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြားရိုက်နှိပ်ရာတွင် အသုံးပြုသည့် WY တံဆိပ်ပါ သံမို ၂၀ စုံနှင့် 88/1 တံဆိပ်ပါ သံမို ၂၀ စုံတို့ကိုလည်းကောင်း၊ အလားတူ ညနေ ၄ နာရီတွင် တပ်မတော်မှ ကုန်းကြမ်းမြို့နယ်၊ တာ့ကုန်းကြမ်း ကျေးရွာအုပ်စု၊ ရှားယွီထန်ကျေးရွာ၏ အနောက်ဘက် ၇ ဖာလုံခန့်အကွာတွင် လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲပျက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၃၈ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


