၇ ဇန်နဝါရီ

 

သြစတြေးလျနိုင်ငံတစ်ဝန်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် နိုင်ငံရဲ့ သစ်ပင်မျိုးစိတ်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေပေါ် အကြီးအကျယ် ထိခိုက်မှုရှိပါတယ်။ ပြည်နယ်တစ်ခုတည်းမှာပင် တောမီးကြောင့် တိရစ္ဆာန်ကောင်ရေ သန်း ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ ခန့်မှန်းချက်တွေကြောင့် တောရိုင်းတိရစ္ဆာန်လောက  ပြန်လည်ပျိုးထောင်ရန် နှစ်ပေါင်း ၄၀ နီးပါး ကြာနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

 

မီးသင့်ခဲ့တဲ့ သစ်တောတွေဟာ သတ်မှတ်အချိန်အတွင်းမှာ ပြန်လည်ပျိုးထောင်နိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေသလို ကိုအာလာ(koala) ဝက်ဝံလေးတွေနဲ့ သားပိုက်ကောင်ရေအပါအဝင် တခြား တိရစ္ဆာန်မျိုးစိတ်တွေပေါ် အကြီးအကျယ် ထိခိုက်မှု ရှိခဲ့ပေမယ့်  ပြန်လည်ကယ်တင်နိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်းပြောဆိုပါတယ်။ ကိုအာလာ(koala) ဝက်ဝံတွေဟာ သစ်ပင်တွေပေါ်မှာ နေထိုင်ပြီး သတ်မှတ်ထားတဲ့ ယူကလစ်ပင်အမျိုးအစားကိုသာ စားသုံးခြင်းနဲ့ မီးတောက်တွေဆီကနေ လျင်မြန်စွာမပြေးနိုင်ခြင်းတို့ကြောင့် အထူးထိခိုက်မှုရှိတဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။

 

နယူးဆောက်ဝေး (NSW) ပြည်နယ်တစ်ခုတည်းမှာပင် တောမီးစတင်လောင်ကျွမ်းချိန် ၂၀၁၉ခုနှစ် စက်တင်ဘာ ကစပြီး သေဆုံးတဲ့ တိရစ္ဆာန် ကောင်ရေ သန်း  ၄၈၀ ရှိကြာင်း ဆစ်ဒနီတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ သေဆုံးတဲ့ တိရစ္ဆာန်ဦးရေ အရေအတွက်မှာ နို့တိုက်သတ္တဝါ၊ ငှက်မျိုးစိတ်နဲ့ တွားသွားသတ္တဝါတွေ ပါဝင်ပေမယ့် ပိုးမွှား၊ လင်းနို့နဲ့ ဖားမျိုးစိတ်တွေ မပါဝင်ကြောင်း သိရပါတယ်။

 

လာမယ့် သောကြာနေ့မှာ အပူလှိုင်းဖြတ်နိုင်ကြောင်းနဲ့ လေတိုက်နိုင်ကြောင်း  ခန့်မှန်းချက်တွေကလည်း ရှိနေတဲ့ အတွက် မီးသတ်သမားတွေဟာ အရှိန်မြှင့်ပြီး ငြိမ်းသတ်နေတာကို တွေ့ရပါတယ်။ လချီပြီး ကြာမြင့် နေပြီဖြစ်တဲ့ တောမီး ကြောင့် လူပေါင်း အနည်းဆုံး ၂၅ ဦးသေဆုံးပြီး အိမ်ခြေ ၁၈၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ တောမီးလောင်ကျွမ်းတဲ့ သစ်တောဧက ပေါင်း ရှစ်သန်းလောက် ရှိနေကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

 

ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အခုအဖြစ်အပျက်ဟာ လပေါင်းများစွာကြာနိုင်သေးကြောင်း ပြန်လည် ထူထောင်ရေး အတွက် နောက်နှစ်နှစ်အတွင်း သြစတြေးလျဒေါ်လာ နှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) သုံးစွဲသွားမယ်လို့ မနေ့က ပြောကြားပါတယ်။

 

တောမီးအတွင်းမှာ လောင်ကျွမ်းပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီရန် ကယ်ဆယ်ရေး အေဂျင်စီတစ်ခု တည်ထောင်သွားမှာဖြစ်သလို တောမီးငြှိမ်းသတ်ပေးနေတဲ့ လုပ်အားပေးတွေကိုလည်း ငွေကြေးထောက်ပံ့သွားမှာဖြစ်ကြောင်းနဲ့ မီးငြှိမ်းသတ်ရန် လေယာဉ်တွေအတွက်လည်း ငွေကြေး ပိုမိုသုံးစွဲသွားမယ်လို့ ထည့်သွင်းပြောကြားပါတယ်။

 

MDN

ကိုးကား - AFP