လန်ဒန် ၁၀ ဇန်နဝါရီ
ဗြိတိန်မင်းသား ဟယ်ရီနှင့် သူ့ကြင်ယာတော် မီဂန်တို့က တော်ဝင်မိသားစု၏ အကြီးတန်းအရေးပါသော မိသားစုဝင် များအဖြစ်မှ နောက်ဆုတ်ပေးရန် စီစဉ်ထားကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဇန်နဝါရီ ၉ ရက်က ဖော်ပြလိုက်သည်။ အဆိုပါကြေညာချက်သည် ၎င်းတို့၏ လူမှုမီဒီယာအကောင့်နှင့်အတူ ဇန်နဝါရီ ၉ ရက်တွင် ထွက်ပေါ်လာခဲ့သည်။
လအတော်ကြာ မိသားစုဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယခုနှစ်မှာ စတင်ပြောင်းလဲမှုပြုလုပ်ရန် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ဤမိသားစုမှ သမားရိုးကျလမ်းဟောင်း မလိုက်ဘဲ အခြားပုံစံသစ်တစ်မျိုးဖြင့် အောင်မြင်အောင်ဆောင်ရွက်ရန် ယခုလို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။
မိမိတို့သည် တော်ဝင်မိသားစု၏ အကြီးတန်းအဆင့် အရေးပါသောမိသားစုဝင်အဖြစ်မှ နောက်ဆုတ်နေရန် ရည်ရွယ်ထားပြီးသားဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာ လွတ်လပ်မှုရရှိအောင်၊ အမှီအခိုကင်းအောင် လုပ်ဆောင် သွားရန်လည်း အာသီသရှိကြောင်း ၎င်းတို့ဇနီးမောင်နှံက ပြောသည်။
အဆိုပါအရေးနှင့်ပတ်သက်ပြီး ဟယ်ရီတို့ ဇနီးမောင်နှံသည် လူမှုမီဒီယာများတွင် တရားဝင်ကြေညာခြင်းမပြုမီ ဘုရင်မကြီး အဲလီဇဘတ် သို့မဟုတ် မင်းသားကြီး ဝီလီယံထံမှ အကြံဉာဏ်ရယူခြင်းမျိုး၊ သူတို့နှင့် တိုင်ပင်ခြင်းမျိုးမရှိလောက်ဟု ယုံကြည်ကြောင်း ဘီဘီစီ က ပြောသည်။
ဇနီးမောင်နှံနှစ်ဦး၏ ကြေညာချက်တွင် ၎င်းတို့သည် ဘုရင်မကြီး၏ လုပ်ငန်းစဉ်များကိုလည်း တစ်ဖက် တစ်လမ်းက ကူညီပေးရင်း တစ်ဖက်ကလည်း အင်္ဂလန်နှင့် မြောက်အမေရိကကြား ၎င်းတို့၏အချိန်များကို မျှမျှတတ ကုန်ဆုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဇနီးမောင်နှံတို့၏ ကြေညာချက်ထွက်ပေါ်လာပြီး မကြာမီ ဘာကင်ဟန်နန်းတော်က ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အဆိုပါကြေညာချက်တွင် ဇနီးမောင်နှံ နှစ်ဦးတို့အနေဖြင့် ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ချင်မှန်း စာနာ နားလည်သော်လည်း ထိုအရေးသည် တော်ဝင် အရေးဖြစ်သည့်အတွက် အနည်းငယ်ရှုပ်ထွေးကြောင်း ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ


