ဝါရှင်တန် ၁၀ ဇန်နဝါရီ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ဖြစ်လုဖြစ်ခင် အခြေအနေမှ နောက်ဆုတ်လိုက်ကြောင်းနှင့် အီရန်ကို စစ်ရေးအရ လက်တုံ့ပြန်ခြင်းပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သို့ ပြောကြားသောမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ အီရန်သည် အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်-ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း အမေရိကန်တပ်ဖွဲ့ဝင်များ ကျဆုံးခြင်းမရှိခဲ့ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရေးမကြီးသယောင် ပြောကြား လိုက်သည်။

အိမ်ဖြူတော်မှ နိုင်ငံတော်သို့ ပြောကြားသော မိန့်ခွန်းတွင် ထရမ့်က အီရန်တို့၏ တိုက်ခိုက်မှုတွင် အမေရိကန်တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိကြောင်း အလေးအနက်မထား ပြောကြားခဲ့သော်လည်း မိမိအနေဖြင့် အီရန်နိုင်ငံကိုချက်ချင်း စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်သည် အီရန်ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီကို လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးလိုက်ပြီးနောက် အီရန်နှင့် အမေရိကန်တို့၏ နိုင်ငံရေးအခြေအနေသည် အထိန်းအချုပ် ကင်းမဲ့သလို တင်းမာမှုများဖြစ်ပေါ်လာပြီးနောက် ယခုတစ်ဖန် အနည်းငယ် ပြန်လည်ပျော့ပျောင်းလာသယောင်ရှိသည်။ နှစ်နိုင်ငံ တင်းမာမှု အခြေအနေများကြောင့် နယူးယောက်အခြေစိုက် နက်စ်ဒက်စတော့ရှယ်ယာဈေးသည်လည်း မကြုံစဖူး စံချိန်တင်မြင့်တက်သွားခဲ့သည်။

ဆိုလန်းမန်းနီသည် ပြည်တွင်းမှာတော့ အမျိုးသားသူရဲကောင်းတစ်ယောက် ဖြစ်သော်လည်း ကမ္ဘာ့ထိပ်တန်း အကြမ်းဖက်သမားတစ်ဦးဖြစ်ပြီး သူ့ကို အချိန်အတော်ကြာ ခြေရာခံခဲ့ရကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောသည်။

ထရမ့်၏မိန့်ခွန်းသည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းပြောကြားမှုနှင့် အဆုံးသတ်ခဲ့သော်လည်း အီရန်ကို ဘယ်တော့မှ နျူကလီးယားပိုင်ဆိုင်ခွင့် ပေးသွားမည်မဟုတ်ကြောင်း ၎င်၏မိန့်ခွန်းတွင် ပြောကြားထားသည်။

အေအက်ဖ်ပီ