ပေကျင်း ၁၀ ဇန်နဝါရီ

 

တရုတ်အစိုးရက နိုင်ငံခြားကုမ္ပဏီများကို နိုင်ငံအတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းကို တံခါးဖွင့်ပေးသည့် အရေးပါသည့် ပြုပြင်ပြောင်းလဲမှုကြီး တစ်ရပ်အဖြစ် တာဝန်ရှိသူများက ကြာသပတေးနေ့က ဂုဏ်ပြုကြိုဆိုကြသည်။

 

တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားပြီး အသားတင်ပိုင်ဆိုင်မှု အနည်းဆုံး ယွမ်ငွေ သန်း ၃၀ဝ (အမေရိကန်ဒေါ်လာ ၄၃ သန်း) ရှိသည့် နိုင်ငံခြားကုမ္ပဏီများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခွင့်ရရှိမည်ဖြစ်ကြောင်း သဘာဝသယံဇာတအရင်းအမြစ်ဝန်ကြီးဌာနက ပြောကြားသည်။ ယင်းအပြောင်းအလဲသည် မေ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများ အတွက်လည်း အကျိုးသက်ရောက်မည်ဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများအတွက် တံခါးဖွင့်ပေးလိုက်ခြင်းသည် အရေးပါသည့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဖြစ်ကြောင်း သဘာဝသယံဇာတအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး လိန်ယိုမင် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ယခင်က နိုင်ငံတကာကုမ္ပဏီများသည် နိုင်ငံပိုင်ကုမ္ပဏီများကဲ့သို့ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့်သာလျှင် ယင်းလုပ်ငန်းသို့ ဝင်ရောက်နိုင်သည်။ တရုတ်အစိုးရသည် နိုင်ငံပိုင်ကုမ္ပဏီများက လွှမ်းမိုးထားသည့် စီးပွားရေးလုပ်ငန်းကဏ္ဍများကို ပုဂ္ဂလိကကုမ္ပဏီများသို့ ပိုမိုဖွင့်ပေးရန် စီစဉ်နေသဖြင့် ယခုပြုပြင်ပြောင်းလဲမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက်ကို တရုတ်အမျိုးသားရေနံကုမ္ပဏီနှင့် တရုတ်ရေနံဓာတု ကော်ပိုရေးရှင်း (Sinopec) ကဲ့သို့သော နိုင်ငံပိုင်ကုမ္ပဏီများက လွှမ်းမိုးထားသည်။

 

သဘာဝသယံဇာတတူးဖော်ခွင့် သက်တမ်းကာလသည် ငါးနှစ်ဖြစ်ကြောင်း၊ တူးဖော်ခွင့်သက်တမ်းတိုး ကာလသည်လည်း တစ်ကြိမ်လျှင် ငါးနှစ်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန်- အောင်ဇော်လင်း