ကင်ဘာရာ ၁၀ ဇန်နဝါရီ
အီရန်က အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်တပ်စခန်းများအပေါ် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီးနောက် ယမန်နေ့ညက အခြေအနေ တည်ငြိမ်လာသောကြောင့် အီရတ်နိုင်ငံတွင် ဩစတြေးလျတပ်ဖွဲ့ ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့သ်မော်ရီဆန်က ယနေ့ ပြောကြားသည်။
ဩစတြေးလျအစိုးရသည် အီရတ်နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ဩစတြေးလျတပ်ဖွဲ့ကို အီရတ်နိုင်ငံ၌ ဆက်လက်ထားရှိရန် ရည်ရွယ်ထားကြောင်း မော်ရီဆန်က ပြောကြားသည်။
ဩစတြေးလျတပ်ဖွဲ့ကို အီရတ်နိုင်ငံမှ ရုပ်သိမ်းသင့်သလားဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်အတွင်း မေးမြန်းခဲ့ရာ မော်ရီဆန်က အီရတ်နိုင်ငံမှ တပ်ဖွဲ့ရုပ်သိမ်းရေးသည် မိမိတို့ပြုလုပ်ထားသော ဆုံးဖြတ်ချက်ထဲတွင် မပါရှိသေးကြောင်း မော်ရီဆန်က ဖြေကြားလိုက်သည်။
ယမန်နေ့က အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်တပ်စခန်းများအပေါ် အီရန်၏ ဒုံးကျည်ပစ်ခတ်မှုများတွင် အမေရိကန်တပ်ဖွဲ့ဝင်များ သေကျေ ဒဏ်ရာရရှိမှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
“အိုင်အက်စ်စစ်သွေးကြွအုပ်စု ကျဆုံးရေးဟာ အီရန်အတွက် ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက် အိုင်အက်စ်စစ်သွေးကြွအုပ်စု နှိမ်နင်းရေးနဲ့ အခြားသော အကျိုးတူဦးစားပေးလုပ်ငန်းတွေမှာ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု ထရမ့်က အမေရိကန်နှင့် အီရန်အကြား ပူးပေါင်းဆောင်ရွက်ဖွယ် အလားအလာကို အရိပ်အမြွက်ပြသခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ


