ပေကျင်း ၁၀ ဇန်နဝါရီ

 

တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟဲသည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးမားဆုံးဖြစ်သော အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကို အရှိန်လျှော့ချရန် ရည်ရွယ်လျက် ပထမအဆင့် ကုန်သွယ်ရေး သဘောတူစာချုပ်ကို အမေရိကန်နှင့် လက်မှတ်ရေးထိုးရန် လာမည့်တနင်္လာနေ့တွင် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။

 

တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး လျူဟဲသည် အမေရိကန်နှင့် ပထမအဆင့် ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် လာမည့် သီတင်းပတ် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ဝါရှင်တန်မြို့တွင် နေထိုင်မည်ဖြစ်သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို ဇန်နဝါရီ ၁၅ ရက်တွင် လက်မှတ်ရေးထိုးမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သော်လည်း တရုတ်အစိုးရအနေဖြင့် ယင်းသဘောတူစာချုပ်အတွက် ခရီးစဉ်ကို အတည်မပြုသေးဘဲ ယနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်၏ ဖိတ်ကြားချက်အရ ကုန်သွယ်ရေး ဆိုင်ရာညှိနှိုင်းရေးမှူး လျူဟဲသည် ကုန်သွယ်ရေးစာချုပ် လက်မှတ်ရေးထိုးရေးအတွက် ဝါရှင်တန်သို့ ဦးတည်ထွက်ခွာမည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်ထိ ဦးဆောင်သွားမည်ဖြစ်ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂါအိုဖဲန်က အပတ်စဉ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များသည် လက်မှတ်ရေးထိုးရမည့် အဆိုပါသဘောတူစာချုပ် အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ အနီးကပ် ဆက်သွယ်ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ထပ်မံပြောကြားသည်။ သို့သော် ပြောရေးဆိုခွင့်ရှိသူသည် ယင်းဆက်သွယ်ဆွေးနွေးမှုများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်းမရှိပေ။

 

အဆိုပါ သဘောတူစာချုပ်တွင် အသိဉာဏ်မူပိုင်ခွင့်၊ စားသောက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုတို့အား အကာအကွယ်ပေးရေးနှင့် အငြင်းပွားမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် ပြဋ္ဌာန်းချက်တစ်ရပ် ပါဝင်မည်ဖြစ်ကြောင်း တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

 

တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟဲသည် တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တရုတ်နှင့် အမေရိကန်အကြား ဘက်စုံမဟာဗျူဟာမြောက် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲများတွင် တရုတ်ဘက်မှ ဆွေးနွေးမှုခေါင်းဆောင်ဖြစ်သည်။

 

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဂျေတီ