ကင်ဘာရာ ၁၀ ဇန်နဝါရီ
တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသူအရေအတွက်မှာ ၂၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က အတည်ပြုပြောကြား လိုက်သည်။ ယနေ့ လွှတ်တော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မောရစ်ဆင်က တောမီးလောင်ကျွမ်းမှု နောက်ဆုံးအခြေအနေကို ပြောကြားခဲ့ပြီး အိမ်ပေါင်း ၂၁၃၁ လုံး ပျက်စီးသွားခဲ့ကာ သေဆုံးသူဦးရေ မြင့်တက်လာမည်ဟု ယူဆရကြောင်း ကြေညာခဲ့သည်။
လေထုအပူချိန် မြင့်မားမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် သြစတြေးလျနိုင်ငံတစ်ဝန်း တောမီးလောင်မှုမှာ ပိုမိုဆိုးရွားလာမည်ဟု ယူဆရသည်။ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးမှုစစ်တမ်းများ လုပ်ဆောင်ခဲ့ရာ သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်သည်ဟု မောရစ်ဆင်က ပြောသည်။ “အာဏာပိုင်တွေရဲ့ အကြံပြုချက်တွေကို ဆက်လက်လိုက်နာဖို့နဲ့ အချင်းချင်းကူညီပေးကြဖို့ သြစတြေးလျ နိုင်ငံသားတွေကို ကျွန်တော် တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောသည်။ သြစတြေးလျနိုင်ငံသို့ အကူအညီများပေးပို့ခဲ့သည့် အပြည်ပြည် ဆိုင်ရာ မိတ်ဖက်နိုင်ငံများကိုလည်း မောရစ်ဆင်က ကျေးဇူးတင်ခဲ့သည်။
ဝန်ကြီးချုပ် စကော့မောရစ်ဆင်၏ သတင်းစာရှင်းလင်းပွဲသို့ ဇန်နဝါရီ ၆ ရက်က တောမီးလောင်မှု ပြန်လည် ထူထောင်ရေးအေဂျင်စီ၏ အကြီးအကဲ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ၏ ကော်မရှင်နာမင်းကြီးဟောင်း အန်ဒရူးကိုလ်ဗင်ကလည်း ပူးပေါင်းခဲ့သည်။ “ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာက အကူအညီလိုအပ်တဲ့ အသိုင်းအဝိုင်းအတွက် ကျွန်တော်တို့ပေးတဲ့ အကူအညီတွေကို အံဝင်ခွင်ကျ စီမံဆောင်ရွက်ဖို့ဖြစ်ပါတယ်” ဟု ကိုလ်ဗင်က ပြောသည်။
သတ္တုတူးဖော်ရေးလုပ်ငန်း Andrew Forrest က တောမီးလောင်ကျွမ်းမှု ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၁ သန်းနှင့်ညီမျှသည့် သြစတြေးလျ ဒေါ်လာ သန်း ၇၀ လှူဒါန်းကြောင်း ယနေ့ ကြေညာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် - ကျော်ထိုက်စိုး


