ဗုဒ္ဓဟူးနေ့က ပျက်ကျသွားသည့် ယူကရိန်းခရီးသည်တင်လေယာဉ်ကို အီရန်နိုင်ငံက ဒုံးကျည်တစ်စင်းဖြင့် ပစ်ချလိုက်ကြောင်း  အထောက်အထားများက ပြသနေသည်ဟု ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒေါက ပြောကြားခဲ့သည်။ 

 

မဟာမိတ်များနှင့် ကိုယ်ပိုင်ထောက်လှမ်းရေးအပါအဝင် သတင်းရင်းမြစ်များစွာမှ အချက်အလက်များ ရရှိထားကြောင်း ထရူဒေါက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

လေယာဉ်အား အီရန်နိုင်ငံမှ မြေပြင်မှ ဝေဟင်သို့ ပစ်သည့် ဒုံးကျည်ဖြင့် ပစ်ချလိုက်ခြင်းဖြစ်ကြောင်း သက်သေအထောက်အထားများက ညွှန်ပြနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

အစောပိုင်းထုတ်ပြန်သည့် အစီရင်ခံစာများထဲတွင် လေယာဉ်သည် စက်ပိုင်းဆိုင်ရာ ပျက်ကွက်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

လေယာဉ်ကို မတော်တဆပစ်ချမိခြင်းဖြစ်နိုင်ကြောင်းနှင့် အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တီဟီရန်နှင့်ဆွေးနွေးမှုမှာ ကျေနပ်မှုရှိကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

 

mdn

 

ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် Boeing 737-800ပေါ်တွင် ကနေဒါနိုင်ငံသား ၆၃ဉီး အပါအဝင် လူပေါင်း ၁၈၀ဉီး လိုက်ပါလာခဲ့သည်။

 

လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံးမှာ သေဆုံးခဲ့ကြသည်။

အီရန်လေဆိပ်မှ ပျံတက်ပြီး မကြာမီအချိန်တွင် လေယာဉ်သည် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

အိမ်နီးချင်းအီရတ်နိုင်ငံတွင် ရှိနေသည့် အမေရိကန်ဉီးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ အခြေစိုက်စခန်းသို့ အီရန်နိုင်ငံက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

mdn

 

အီရန်နိုင်ငံမှ လေယာဉ်အား ပစ်ချခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

 

ဒုံးကျည်များဖြင့် လေယာဉ်အသွားအလာထူထပ်သည့် နေရာတစ်ခုသို့ ပစ်လွှတ်ခြင်းမှာ မစဉ်စားနိုင် လောက်အောင် ဖြစ်ရကြောင်း အစိုးရတာဝန်ရှိသူတစ်ဉီးက ပြောကြားခဲ့သည်။

 

သေဆုံးသူများ မည်သူမည်ဝါဖော်ထုတ်ရန်၊ စုံစမ်းစစ်ဆေးမှုတွင်ပါဝင်ရန်နှင့် အကြံဉာဏ်များပေးရန် အီရန်နိုင်ငံအား ကနေဒါနိုင်ငံက တောင်းဆိုခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn