ရန်ကုန် ၁၅ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တမာတကောကျေးရွာအုပ်စု လေးအိမ်ကျေးရွာ တွံတေး-လှိုင်သာယာကားလမ်း မိုင်တိုင်အမှတ်(၄/၃) အနီးတွင် ယနေ့ နံနက် ၇ နာရီခန့်က ကုန်တင်ယာဉ်အား သုံးဘီးဆိုင်ကယ်မှ နောက်ကဝင်တိုက်မိကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီခန့်က တွံတေး-လှိုင်သာယာကားလမ်း မိုင်တိုင်အမှတ်(၄/၃)အနီး တွံတေးဘက်မှ လှိုင်သာယာဘက်သို့ ယာဉ်မောင်း ဦးထွန်းထွန်းအေး(၂၄)နှစ် ရှမ်းစုကျေးရွာအုပ်စုနေသူ မောင်းနှင်လာသည့် 6P/----- SINOTRUK အမျိုးအစား မော်တော်ယာဉ်အား ဦးကျော်ကျော်ဦး(၃၈)နှစ် ဘုရားကြီးကျေးရွာနေသူ မောင်းနှင်ပြီး ဦးထွန်းလင်းအောင် (၂၉)နှစ် လိုက်ပါလာသော ၁၃ယ/----- LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်ဘက်မှတိုက်မိခဲ့ပြီး သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ဦးထွန်းလင်းအောင်မှာ ကားလမ်းပေါ်သို့ပြုတ်ကျကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သုံးဘီးဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးကျော်ကျော်ဦးအား တွံတေးမြို့နယ် ခလောက်ချိုက် တိုက်နယ်ရဲစခန်းမှ ဥပဒေအရ အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
မျိုးလှိုင်၊ နိုင်လင်း


