(၁၄) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၁၁ ဇန်နဝါရီ 

 

(၁၄) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာကဏ္ဍတွင် စီးပွားရေးတွက်ခြေကိုက်ပြီး အထွက်နှုန်းကောင်းမွန်သည့် ဒေသနှင့် ကိုက်ညီ ဖြစ်ထွန်းမှုရှိသော သီးနှံမျိုးကောင်းမျိုးသန့်များကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ရေး၊ ပြည်သူလူထု၏ စားနပ်ရိက္ခာ ဖူလုံရေးတို့ကို တပြိုင်နက်တည်း ရရှိခံစားရမည်ဖြစ်ကြောင်း အရည်အသွေးကောင်း သီးနှံမျိုးကောင်း မျိုးသစ်များ ရရှိရေးအတွက် မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို မျိုးစေ့ ဥပဒေ၊ အပင်ပိုးမွှားရောဂါ ကာကွယ်ရေး ဥပဒေ စသည့် ဥပဒေများနှင့်အညီ စိစစ်ထိန်းကျောင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက သီးနှံမျိုးကောင်းမျိုးသစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်အပိုင်းမှ ပညာရှင်များ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အဖွဲ့အစည်းများနှင့် လက်တွေ့စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ်သမားများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ပုဂ္ဂလိကအပိုင်းတွင် မျိုးစေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် မျိုးစေ့ဆိုင်ရာ အမျိုးသားမူဝါဒကို ပြင်ဆင်ဖြည့်စွက်သင့်သည်များကို စိစစ်ဆောင်ရွက်သွားရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မျိုးသစ်များ စမ်းသပ်စိုက်ပျိုးရာတွင် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံစသည့် အုပ်စုများဖွဲ့စည်း၍ စိစစ်ကြပ်မတ်နိုင်ရေး၊ ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် သုံးစွဲသူ တောင်သူလယ်သမားများအကြား ယုံကြည်မှုတည်ဆောက်၍ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်မြင်သည့် အခြေအနေမျိုး ရောက်ရှိအောင် သိရှိနားလည်မှုဆိုင်ရာ အစီအစဉ်များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်များ၊ ခွင့်ပြုပေးသည့် သီးနှံအမျိုးအစားများ၏ အမည်ဆင်တူယိုးမှားဖြစ်ခြင်း၊ ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြသည့်အချက်များကို သက်ဆိုင်ရာ ထုတ်လုပ်ဖြန့်ဖြူးသူများက တာဝန်ယူဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ တွဲဘက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးသက်ဇင်မောင်က အမျိုးသားကော်မတီ၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ သီးနှံ(၆၂)မျိုး၏ မျိုးကွဲ ၈၀၁ မျိုးနှင့် မိဘမျိုးလိုင်း ၁၀၃ လိုင်း စုစုပေါင်း ၉၀၄ မျိုးတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ် ပေးမှုနှင့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် သီးနှံမျိုးများကိုတင်ပြရာ အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။

 

(၁၄)ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ၏ သဘောထားမှတ်ချက်များ နှင့်အတူ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက အသိအမှတ်ပြုလက်မှတ် လျှောက်ထားသည့် သီးနှံ ၁၅ မျိုး၏ မျိုးသစ်မျိုးကွဲ ၅၄ မျိုး၊ မိဘမျိုးလိုင်း ၅ လိုင်းတို့နှင့် သက်ဆိုင်သည့် အချက်အလက်များကို စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး တို့ကိုဆွေးနွေးကြသည်။

 

(မောင်မင်းနိုင်)

 

mdn