နေပြည်တော်  ၁၉  ဇန်နဝါရီ 

ဖားကန့်မြို့နယ်၊ ကောင်ဆန်ကျေးရွာအနီးရှိ ဆိုင်းအင်ဝမ်းကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း၌ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင်မြေစာပုံပြိုကျမှုကြောင့် မော်တော်ယာဉ် ၃ စီးနှင့် ယာဉ်မောင်းများပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဆိုင်းအင်ဝမ်းကျောက်မျက် ကုမ္ပဏီလုပ်ကွက်အတွင်း၌ သက်တမ်းကုန်ဆုံး၍ ရပ်နားထားသည့် ထူးကုမ္ပဏီလုပ်ကွက်ဟောင်းရှိ မြေစာပုံ၏ အမြင့်ပေ ၅၀ဝ ခန့် ၂ နေရာမှ မြေသားများ ရုတ်တရက် ပြိုကျသဖြင့် တောင်ခြေတွင် ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်နေသည့် ဆိုင်းအင်ဝမ်းကျောက်မျက် ကုမ္ပဏီမှ ဘက်ဟိုးယာဉ် ၂ စီး၊ မြေသယ်ယာဉ် ၁ စီးနှင့်ယာဉ်မောင်းများ ပျောက်ဆုံးလျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။      
                
(သတင်းစဉ်)