အန်ကာရာ ၂၀ ဇန်နဝါရီ

 

တူရကီနိုင်ငံသား ခြောက်ဦးဒဏ်ရာရရှိခဲ့သည့် ဆိုမာလီယာ နိုင်ငံ မြို့တော်မိုဂါဒစ်ရှူး၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကို တူရကီက ဇန်နဝါရီ ၁၈ ရက်တွင် ပြစ်တင် ဝေဖန်ခဲ့သည်။

 

ဆိုမာလီယာတွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှု သည် တူရကီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အဟန့်အတားဖြစ်လိမ့်မည် မဟုတ်ကြောင်းလည်း တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုလုက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

 

ဆိုမာလီယာနိုင်ငံ အက်ဖ်ဂိုလီဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို မိမိတို့အနေဖြင့် မနှစ်မြို့ပါကြောင်း၊ ဗုံးအများအပြားတင်ဆောင်လာသည့် ကားဖြင့် တိုက်ခိုက်မှုကြောင့် တူရကီနိုင်ငံသားခြောက်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ရေးစာမူဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

 

ဒဏ်ရာရရှိခဲ့သည့် တူရကီနိုင်ငံသားခြောက်ဦး၏ အခြေအနေကို မိုဂါဒစ်ရှူးရှိ တူရကီသံရုံးက အနီးကပ်စောင့် ကြည့်လျက်ရှိကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ အသေခံ ဗုံးခွဲတိုက်ခိုက်ရေးသမားတစ်ဦးက ဇန်နဝါရီ ၁၈ ရက်တွင် မိုဂါဒစ်ရှူးရှိ တူရကီဆောက်လုပ်ရေးအလုပ်သမားများနှင့် ဆိုမာလီလုံခြုံရေးတပ်ဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အနည်းဆုံးလေးဦး သေဆုံးပြီး အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီ အစိုးရက ပြောကြားခဲ့သည်။

 

ဒီဇင်ဘာလအတွင်းကလည်း ဆိုမာလီယာနိုင်ငံတွင် အယ်လ်ရှာဘတ် အကြမ်းဖက်အုပ်စုက အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် တူရကီနိုင်ငံသားနှစ်ဦးအပါအဝင် လူဦးရေ ၈၀ ခန့် သေဆုံးခဲ့ပြီး အခြားသောလူဦးရေ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်