ပေကျင်း ၂၁ ဇန်နဝါရီ

တရုတ်နိုင်ငံ၌ အဆုတ်ရောင်ရောဂါဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ရလျက်ရှိပြီး ယခုအခါ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀ဝ အထိရှိလာကြောင်း သိရသည်။ ဝူဟန်ရှိ ကျန်းမာရေးအာဏာပိုင်များက အဆုတ်ရောင်ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၃၆ ဦး ထပ်မံတွေ့ရှိရကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် အတည်ပြုခဲ့ရာ ယခုအခါ ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၁၉၈ ဦးအထိ ရှိလာခဲ့သည်။

ထို့အပြင် ရောဂါကူးစက်ခံရသည့် လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးဦး ဖြစ်လာခဲ့သည်။ လူနာကိုးဦးတို့မှာ အရေးပေါ် ကုသမှုခံယူလျက်ရှိပြီး နောက်ထပ် ၃၅ ဦးမှာလည်း အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ပေကျင်းမြို့၌ ဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးရှိပြီး ကွမ်တုံပြည်နယ် ရှန်ကျန်း၌ တစ်ဦးကူးစက်ခံရကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။ အဆုတ်ရောင်ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်၌ ပထမဆုံးအကြိမ် ကူးစက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားနေရာများသို့ ပျံ့နှံ့လာခဲ့သည်။ ။

ကျီကျန်းပြည်နယ်အရှေ့ပိုင်း၌လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ် လူနာအချို့ရှိကြောင်း သိရသည်။ တရုတ်အမျိုးသားကျန်းမာ ရေးကော်မရှင်ကဗိုင်းရပ်စ်ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ကြောင်းနှင့် ထိန်းချုပ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ရောဂါကူးစက်ပျံ့နှံ့ရသည့် အကြောင်းကို ကောင်းစွာ မသိရှိရသေးကြောင်း၊ အဆိုပါဗိုင်းရပ်စ်မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်လာခြင်း ရှိမရှိ သိရှိနိုင်ရန် အနီးကပ် စောင့်ကြည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာမည့် သောကြာနေ့တွင် စတင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံအတွင်းရှိ ပြည်သူများစွာတို့ ခရီးသွားရန် စီစဉ်လျက်ရှိရာ ရောဂါကူးစက်မှုအပေါ် စောင့်ကြည့်စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပသို့ ရောက်ရှိနေသည့် အသက် ၃၀ရှိပြီဖြစ်သည့် တရုတ်အမျိုးသမီးတစ်ဦးမှာလည်း အဆုတ်ရောင်ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အာဏာပိုင်များက ပြောသည်။ ၎င်းသည် ဇန်နဝါရီ ၁၉ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှ တောင်ကိုရီးယားသို့ ရောက်ရှိနေကြောင်း သိရသည်။

ဆင်ဟွာ