ရေနံချောင်း ၂၂   ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အမှတ်(၂) သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်၌ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်က ဓာတ်ငွေ့ဖြည့်ရန် လာရောက်သည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ဓာတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ် သူဌေးကုန်းရပ်ကွက်နေ ကိုဝင်းညွန့်(၃၃)နှစ် မောင်နှင်လာသော Nissan MDY-7Q/-------- ခြောက်ဘီးယာဉ်သည် ရေနံချောင်း-မကွေးကားလမ်းရှိ အမှတ်(၂)သဘာဝ ဓာတ်ငွေ့ အရောင်းဆိုင်တွင် ဓာတ်ငွေ့ထည့်ရန်ရပ်ထားပြီး ဆိုင်တာဝန်ခံထံသို့  စာရွက်စာတမ်းများသွား ရောက်ပြသနေစဉ် နေအပူရှိန်ကြောင့် ၎င်းယာဉ်ပေါ်မှ လီတာ ၁၅၀ ပါ ဖိုက်ဘာဓာတ်ငွေ့အိုးသုံးလုံးထဲမှ အလယ်တစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်ရှေ့ခန်းနှင့် ဓာတ်ငွေ့အိုးတင်အခန်းနှင့် ဓာတ်ငွေ့အရောင်းဆိုင်မှ ဂတ်(စ်)ဖြည့် စက်တစ်လုံး၊ အုတ်ကြွပ်မိုး၊ ရုံးခန်းပြတင်းပေါက် ၇ ချပ်၊ နှစ်ခန်းတွဲအိမ်သာတစ်လုံးနှင့် ရေတိုင်ကီ ကွန်ပရက်ဆာတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူများထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကိုဝင်းညွန့်အား ညောင်လှ နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကိုစိုးကြီး