မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ကြီး၏ ကြေးရုပ်တုလှူဒါန်းပင့်ဆောင်ပူဇော်ပွဲကျင်းပ

၁၂ ဇန်နဝါရီ

 

မိုးကောင်းကင်တစ်ခွင်နှင့် ပတ်ဝန်းကျင်တွင် တိမ်မြူကင်းစင်လျက်ရှိနေသော်ငြား စိမ်းလန်းသော ကျွန်းတောသစ်ပင်တောတောင် သဘာဝများနှင့်အတူ ကချင်ပြည်နယ်၏သဘာဝရာသီဥတုက အေးစိမ့်စိမ့်ခံစား ရရှိနေပေသည်။ ကချင်ပြည်နယ်ရှိ တိုင်းလိုင်၊ တိုင်းလေ၊ မိုင်းသာ(တိုင်းဆာ)၊ တိုင်းခမ်းသီ လူမျိုးစုနှင့် တိုင်းလုံ ရှမ်း တိုင်းရင်းသားလူမျိုးစုတို့၏ ရှမ်းရိုးရာဝတ်စုံ၊ လွယ်အိတ်၊ ခေါင်းပေါင်း ရောင်စုံဝတ်ဆင်ထားရှိမှုက ဆေးရောင်စုံခြယ် ပန်းချီကားတစ်ချပ်သို့နှယ်။

 

ရှမ်းအိုးစည် ဗုံရှည်၊ ဗုံတို၊ ပတ်မကြီးတီးသံ၊ လင်းကွင်း၊ မောင်းသံတစ်ညံညံဖြင့် တီးမှုတသီဆိုကနေကြဟန်တို့သည် ၎င်းတို့ ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတစ်ပွဲအား ကျင်းပလျက် ရှိနေသည်မှာ အသေအချာပင်ဖြစ်ပေလိမ့်မည်။

 

ထိုမြင်ကွင်းကား အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက နိုင်ငံတော် သြဝါဒါစရိယ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်၏ ဦးစီးပဓာနနာယက ကချင်ပြည်နယ် အဓိပတိကျေးဇူးရှင် ဆရာတော် ဘဒ္ဒန္တသီလဝံသ မထေရ် မြတ်၏ ကြေးဆင်းတုတော် ပင့်ဆောင်ပူဇော်လာခြင်း အတွက် ကြိုဆိုပွဲကို ဇန်နဝါရီ ၆ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင်မုခ်ဦးရှေ့၌ လှိုက်လှဲစွာ စုပေါင်းကြိုဆိုခဲ့ကြသည်။

 

အဆိုပါ ဆရာတော်မထေရ်မြတ် ဘဒ္ဒန္တသီလဝံသ၏ ကြေးရုပ်တုတော်ကို မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ ဆရာတော်ကြီးများအမှူးပြုသော သံဃာတော်၊ ဒါယကာ များ ဦးဆောင်ဦးရွက်ပြု၍ ဇန်နဝါရီအလှူရှင် မိသားစုဝင် များနှင့် ရှမ်းတိုင်းရင်းသားလူမျိုးစု ဓမ္မမိတ်ဆွေများ လိုက်ပါကာ မော်တော်ယာဉ်များဖြင့် စုပေါင်းပင့်ဆောင်လာ ခဲ့ကြရာ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

 

ကြိုဆိုပင့်ဆောင်ခဲ့ကြရာတွင် ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း နှင့်ဇနီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားလူမျိုးစု ငါးမျိုးမှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြစ်ကြီးနား၊ စီတာပူ၊ မန်ခရိန်၊ ပမ္မတီး၊ ဝိုင်းမော်၊ ခတ်ချို ရပ်ကွက်၊ ကျေးရွာများမှ ရပ်မိ ရပ်ဖများ၊ ကချင်ပြည်နယ် ရှမ်းလူမျိုးစု အသီးသီးအလိုက် ၎င်းတို့လူမျိုးစုရိုးရာ ယဉ်ကျေးမှုဝတ်စုံ၊ အိုးစည်ဗုံမောင်းများတီးမှုတ်ကာ မြစ်ကြီးနားမြို့အဝင်မုခ်ဦးတွင် သွားရောက်စုပေါင်း ကြိုဆိုခဲ့ကြသည်။

 

အဆိုပါမုခ်ဦးမှတစ်ဆင့် ဆရာတော်၏ကြေးရုပ် တုတော်အား မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူးတံတား (ဗလမင်းထင်တံတား)အနီးရှိ ရွှေမိုးတောင်စေတီတော်ကုန်း ကျောင်းတိုက်သို့ ပမ္မတီး-တပ်ကုန်း-မြစ်ကြီးနားသွား မော်တော်ကားလမ်းအတိုင်း ဆက်လက်ပင့်ဆောင်လာခဲ့ကြ သည်။ ထို့နောက် ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့် တွင် ဝန်းသိုကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ မူလရုပ်တုစံကျောင်းဓမ္မာရုံသို့ ရောက်ရှိ လာခဲ့ရာ အများပြည်သူတို့က ပင့်ရုပ်တု တော်အား ကြိုဆိုဖူးမြော်ကန်တော့ ကုသိုလ် သဒ္ဓါပွားများနိုင်ရန် ရွှေမိုးတောင်စေတီကုန်း၌ အဆိုပါကြေးရုပ်တုအား စံကျောင်းတော် တည်ထားရှိမည့်နေရာသို့ ကားဖြင့် ပင့်ဆောင် တော်မူခဲ့ကြသည်။

 

တရားတော်နာယူ

 

ယင်းနောက် လိုက်ပါပို့ဆောင်ခဲ့ကြသော ဆရာတော်များ၊ စေတနာရှင် အလှူရှင်မိသားစု ဝင်များနှင့် ဓမ္မမိတ်ဆွေများက ကြိုဆိုခဲ့ကြ သည်။ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံရှမ်းတိုင်းရင်းသား များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့က ရွှေမိုးတောင်စေတီဓမ္မာရုံ၌ မြတ်စွာဘုရား အမှူးပြုသော သံဃာတော်ကြီးများထံမှ ငါးပါး သီလခံယူကာ တရားတော်နာယူခဲ့ကြသည်။

 

ယနေ့လှူဒါန်းပင့်ဆောင်လာခဲ့ကြသော နိုင်ငံတော်သြဝါဒါစရိယ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက ကချင်ပြည်နယ် အဓိပတိဆရာတော် ဘဒ္ဒန္တသီလဝံသ၏ အထိမ်းအမှတ် ကြေးရုပ်တုတော်အား ယခုကဲ့သို့ လှူဒါန်းပူဇော်ပင့်ဆောင်လာခဲ့ ခြင်းမှာ ကချင်ပြည်နယ်၌သာမက နိုင်ငံ တစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာ သာသနာပြန့်ပွား တိုးတက်လာစေရေးနှင့် အများပြည်သူလူမျိုး မရွေး ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကြည်ညို ပူဇော်ကန်တော့နိုင်ကြစေရန် ရည်ရွယ်၍ လှူဒါန်းပင့်ဆောင် လာခဲ့ကြခြင်းဖြစ်ကြောင်း နှင့် ပင့်ဆောင်ပူဇော်ပွဲသို့ သွားရောက် ကွင်းဆင်းလေ့လာ ရိုက်ကူးခွင့်ရရှိခဲ့သည်မှ တစေ့တစောင်း ရေးသားဖော်ပြလိုက် ရပါသည်။ 

 

စိုင်းဇော်လတ်(လင်းခေး)

 

50110016_20