၂၃ ဇန်နဝါရီ
ဂရိနိုင်ငံပိုင် လက်ဘို့စ်၊ ဆီးမို့စ်နဲ့ ချိုင်အို့စ် ကျွန်းများပေါ်မှာ ရောက်ရှိနေတဲ့ နိုင်ငံရွှေ့ပြောင်းနေထိုင်သူများရဲ့ ယာယီတဲများကို ဖျက်သိမ်းပေးရန်နဲ့ ခိုလှုံခွင့်တောင်းခံထားသူများကို ချက်ချင်းဖယ်ရှားပေးရန် ဒေသခံများက မနေ့က တောင်းဆိုဆန္ဒပြနေကြပါတယ်။
အဲဒီကျွန်းသုံးကျွန်းမှ ဒေသခံတွေက ဈေးဆိုင်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါပိတ်ပြီး အထွေအထွေ သပိတ်အနေနဲ့ ဆန္ဒပြတောင်းဆိုတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လက်ဘို့စ်ကျွန်းသူက မကြာခင် သူတို့ကျွန်းသူကျွန်းသားတွေဟာ လူနည်းစုဖြစ်သွားနိုင်တယ်။ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဂရိနိုင်ငံနဲ့ သူတို့ကျွန်းသူကျွန်းသားတွေက တန်ဖိုးကြီးကြီး ပေးနေရတယ်လို့ ပြောပါတယ်။
လက်ဘို့စ်ကျွန်းရှိ မိုရီယား ယာယီစခန်းဟာ အကြီးဆုံးဖြစ်ပြီး လူပေါင်း ၂,၈၄၀ ဦးသာ လက်ခံနိုင်တဲ့ စခန်းဖြစ်ပေမယ့် လူပေါင်း ၁၉,၀၀၀ ဦး နေထိုင်တာကို တွေ့ရပါတယ်။ အလားတူ ဆီးမို့စ်နဲ့ ချိုင်အို့စ်ရှိ ယာယီစခန်းတွေမှာ လူပေါင်း ၇,၅၀၀ နဲ့ ၅,၀၀၀ အသီးသီးနေထိုင်နေပေမယ့် စခန်းတွေရဲ့ လက်ခံနိုင်တဲ့ ဦးရေမှာ ၆၅၀ ဦးနဲ့ ၁၀၀၀ ဦးသာဖြစ်ပါတယ်။ စာရင်းရှိ လူဦးရေအပြင် အိမ်နီးချင်း တူရကီနိုင်ငံ ဆီကနေ ဆယ်ဂဏန်းချီတဲ့လူတွေ နေ့စဉ်ဝင်ရောက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တာဝန်ပေးခြင်းခံရတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး နိတစ်မစ်တာရာချီက ဒေသခံတွေရဲ့ ဒေါသက ဖြစ်သင့်တယ်။ သူတို့အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်နေတယ်လို့ လွှတ်တော်မှာ ပြောကြားသွားပါတယ်။
ဂရိနိုင်ငံရဲ့ ကွန်ဆာဗေးတစ် အစိုးရသစ်ဟာ ခိုလှုံခွင့်တောင်းသူတွေအတွက် ဥပဒေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမှာဖြစ်ပြီး နယ်စပ်စောင့်တပ်ဖွဲ့တွေကို ငှားရမ်းပြီး တိုးမြှင့်ချသွားမယ်။ ကာကွယ်ရေးဘောင် အတွင်းမရှိတဲ့ ခိုလှုံခွင့်တောင်းသူတွေကို နှင်ထုတ်သွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။
ဂရိနိုင်ငံဟာ ပြီးခဲ့နှစ်ကစပြီး ဥရောပနိုင်ငံတွေကို ဝင်ရောက်မယ့် ရွှေ့ပြောင်းနေထိုင်ချင်သူများနဲ့ ဒုက္ခသည်များအတွက် အဓိကဝင်ပေါက်ကြီး ဖြစ်နေပါတယ်။
ကုလသမဂ္ဂရဲ့ ဒုက္ခသည်အေဂျင်စီရဲ့ ၂၀၁၉ ခုနှစ် မှတ်တမ်းအရ ဂရိနိုင်ငံကို ရေကြောင်းလမ်းကနေ ဝင်ရောက်လာသူ ၅၉,၀၀၀ ကျော်ရှိပြီး တူရကီဘက်ကနေ ကုန်းလမ်းကြောင်းကို အသုံးပြုပြီး ဝင်ရောက်သူ ၁၄,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
MDN
ကိုးကား- AFP


