ဝယ်လင်တန် ၂၉ ဇန်နဝါရီ
နယူးဇီလန်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဂျန်စင်ဒါအာဒန်က ပြည်သူလူထုအား အသိပေးကြေညာခဲ့သည်။ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ၎င်းအား ပြည်တွင်းနှင့်ပြည်ပမှ ထောက်ခံသူမည်မျှရှိကြောင်း စမ်းသပ်သည့် ပွဲတစ်ခုဖြစ်သည်။ “ကျွန်မအနေနဲ့ နယူးဇီလန်ပြည်သူတွေကို လက်ရှိအစိုးရဆောင်ရွက်နေတဲ့ လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်ပေးဖို့နဲ့ ကျွန်မရဲ့အုပ်ချုပ်မှုကို ဆက်လက်ကူညီပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်”ဟု အာဒန်က ပြောကြားသည်။
“ကျွန်မတို့ အစိုးရရဲ့ ဆောင်ရွက်နေတဲ့လမ်းစဉ်မှာ နိုင်ငံတည်ငြိမ်မှုရရှိဖို့၊ စီးပွားရေးအင်အား တောင့်တင်းခိုင်မာဖို့နဲ့ နိုင်ငံအတွက် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကိုရည်ရွယ်ပြီး ဆောင်ရွက် နေပါတယ်”ဟု ၎င်းကပြောကြားသည်။ ပြည်သူများ၏ဝင်ငွေတိုးတက်ရေးကို အဓိကထားဆောင် ရွက်ခဲ့ပြီး အခွန်ကောက်ခံမှုများလျှော့ချပေးခဲ့ကာ အခြေခံအဆောက်အဦများ တိုးတက်လာစေရန်နှင့် အကြမ်းဖက်မှုများ ကျဆင်းရေးတို့အတွက် မိမိတို့အစိုးရက ဆောင်ရွက်ခဲ့သည်ကို ပြည်သူများ သိရှိပြီးဖြစ်ကြောင်း အာဒန်က ဆိုသည်။ အိမ်ရာအလုံးပေါင်း ၁၀၀၀၀၀ တည်ဆောက်မည့် ကီဝီတည်ဆောက်ရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည့်မီအောင်မဆောင်ရွက် နိုင်သေးသဖြင့် ဂျန်စင်ဒါအာဒန်၏ ပါတီမှာ ဝေဖန်ခြင်းခံနေရသည်။ ဘဏ္ဍာရေးဝန်ကြီး ဂရန့် ရော်ဘင်ဆင်က ယခုသီတင်းပတ်တွင်ထုတ်ပြန်မည့် အခြေခံအဆောက်အဦဆိုင်ရာစီမံချက်တွင် လူသွားလမ်း၊ ရထားလမ်း၊ စာသင်ကျောင်းများတည်ဆောက်ရန်နှင့် ကျန်းမာရေးစီမံကိန်းများ ဆောင်ရွန်ရန်ပါဝင်သည်ဟု ဆိုသည်။
ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-စိုးသူရ


