ပေကျင်း ၂၉ ဇန်နဝါရီ

 

နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၁၀၆ ဦးသေဆုံးပြီးနောက် တရုတ်နိုင်ငံသားများကို ပြည်ပသို့ ခရီးသွားလာခြင်းများ မပြုလုပ်ဘဲရွှေ့ဆိုင်းရန် တိုက်တွန်းပြောကြားလိုက်သလို တခြားနိုင်ငံအစိုးရများက လည်း ရောဂါပျံ့နှံ့ကူးစက်နေသည့်နေရာမှ သူတို့၏ နိုင်ငံသားများကို ပြန်လည်ခေါ်ယူရေး အလျင်အမြန်ဆောင်ရွက်နေကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဇန်နဝါရီ ၂၈ ရက်က ဖော်ပြသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် တောရိုင်းတိရစ္ဆာန်များ အရှင်အသေကြိုက်သလို ဝယ်ယူရရှိနိုင် သည့် ဝူဟန်သားငါးဈေးမှ စတင်ဖြစ်ပွားလာပြီး တရုတ်နိုင်ငံတစ်ဝန်းသာမက ခရီးသွားလာခွင့် ထိန်းချုပ်ထားသည့်တိုင် အခြားနိုင်ငံ တစ်ဒါဇင်ထက်မနည်းကူးစက်ခဲ့ ပြီးဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

 

တရုတ်နှစ်သစ်ကူးရာသီတွင် ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းကို ထိန်းချုပ်သည့်အနေဖြင့် တရုတ်အာဏာပိုင်များသည် လွန်ခဲ့သည့်ရက်သတ္တပတ်က ဝူဟန်မြို့နှင့် ဟူဘေးပြည်နယ် အလယ်ပိုင်းရှိ အခြားမြို့အတော်များများကို အလုံပိတ်ခဲ့ရာ လူဦးရေ သန်း ၅၀ ခန့် ပိတ်မိခဲ့သည်။

 

ထို့အပြင် တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့အတူ ပြည်တွင်းခရီးသွားလာမှုများတွင်လည်း ကန့်သတ်ချက်များ ပြုလုပ်ခဲ့သည်။

 

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီးလူသေဆုံးနှုန်းမှာ ကျဆင်းသွားသည်မရှိဘဲ ပို၍ ဆိုးလျက်ရှိရာ အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင် ပင်လယ်ရပ်ခြားခရီးစဉ်များအားလုံးကို တားဆီးရွှေ့ဆိုင်းလိုက် ကြောင်း သိရသည်။

 

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် တရုတ်ပြည်သူများနှင့် နိုင်ငံခြားသားများ ကျန်းမာရေးအန္တရာယ်ကင်းဝေးမည် ဖြစ်ကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနက ပြောကြားသည်။

 

ဇန်နဝါရီ ၂၈ ရက်က အမျိုးသားကျန်းမာရေးကော်မရှင်က နောက်ထပ်သေဆုံးသူ ၂၈ ဦးအပါအဝင် စုစုပေါင်းသေဆုံးသူ အရေအတွက်မှာ ၁၀၆ ဦးအထိ မြင့်တက်လာကြောင်း၊ သေဆုံးသူအများစုမှာ အသက် ကြီးသူများဖြစ်ကြောင်း ပြောကြားသည်။ ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင်လည်း လူသေဆုံးမှုများဖြစ်နေကြောင်း အတည်ပြုထားသည်။

 

ထို့အတူ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှာလည်း ယခင်ရက်များကထက် နှစ်ဆခန့် မြင့်တက် လာကာ ၄၅၁၅ ဦးအထိ ရောက်ရှိလာပြီး နောက်ထပ်သံသယရှိသူ ၇၀၀၀ မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုချက်စောင့်ဆိုင်းနေရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

 

အေအက်ဖ်ပီ