၂၉ ဇန်နဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝါရှင်တန်ကို ခရီးစဉ်ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့ အတူတကွရှိနေစဉ်အတွင်း မကြာခင် ၎င်းထုတ်ဖော်ကြေညာမယ်ဆိုတဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ်ဟာ ပါလက်စတိုင်းပြည်သူတွေဘက်က လက်မခံနိုင်ဖြစ်နေပေမယ့်လည်း အခွင့်အလမ်းတစ်ခုရှိလာနိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ ဇန်နဝါရီ ၂၇ ရက်က ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ်
နောက်ပိုင်းမှာ သမ္မတထရမ့်ဟာနေတန်ယာဟုရဲ့ ရွေးကောက်ပွဲယှဉ်ပြိုင် ဘက်ဘင်နီဂန့်စ်နဲ့လည်း တွေ့ဆုံခဲ့ပြီး အဲဒီအစီအစဉ်ကို ဇန်နဝါရီ ၂၈ ရက် မွန်းတည့် ၁၂ နာရီတိတိမှာ ထုတ်ဖော်ပြောကြားမယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်း ပြည်သူတွေကတော့ အိမ်ဖြူတော်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ အစ္စရေးဘက်ကို လုံးဝမျက်နှာလိုက်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ပြီးတော့ ပါလက်စတိုင်းခေါင်းဆောင်တစ်ယောက်တလေကိုမှ အိမ်ဖြူတော်ဆီ ဖိတ်ကြားခဲ့တာမျိုးလည်း မရှိပါဘူး။ ပါလက်စတိုင်းခေါင်းဆောင်တွေက သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အစီအစဉ်ဟာ ပါလက်စတိုင်းအရေးကို ပြီးပြတ်သွားအောင် ကြိုးစားနေတဲ့ အစီအစဉ်ပဲလို့ ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ အဲဒီအစီအစဉ်က ဘာလဲဆိုတာကို အခုအချိန်အထိ မသိရှိရသေးပေမယ့် ထရမ့်ကတော့ ဒီကိစ္စဟာ အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ကန့်ကွက်မယ်
ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် ရှတေရက်က အဲဒီအစီအစဉ်က ဘာပဲဖြစ်နေပါစေ အမေရိကန်ကို ကျွန်ုပ်တို့ ကန့်ကွက်တယ်၊ ပြီးတော့ ဒီကိစ္စက နိုင်ငံတကာဥပဒေဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို ဆန့်ကျင်နေတဲ့အပြင် ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို ဖျက်ဆီးမယ့် အစီအစဉ်ဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ကို ထောက်ခံပြီး ကြံရာပါမလုပ်ကြဖို့ ကျွန်ုပ်တို့တိုက်တွန်းတယ်လို့ပြောကြား လိုက်ပါတယ်။ ဒါက ပါလက်စတိုင်းအရေးကိစ္စကို အဆုံးသတ်ဖို့ အစီအစဉ်ကလွဲပြီး ဘာမှမဖြစ်နိုင်ဘူးလို့ ၎င်းက ဆိုပါတယ်။
မျှော်လင့်ချက်ကို ဖျက်ဆီးမလား
သိမ်းပိုက်ခံအနောက်ဘက်ကမ်း၊ သိမ်းပိုက်ခံ အရှေ့ဂျေရုဆလင်နဲ့ ဂါဇာ ကမ်းမြောင်ဒေသတွေမှာလွတ်လပ်တဲ့ နိုင်ငံတစ်ခုထူထောင်ဖို့ဆိုတဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုသမ္မတထရမ့်ရဲ့ အစီအစဉ်ကရိုက်ချိုး ဖျက်ဆီးလိုက်မှာကို ပါလက်စတိုင်းပြည်သူတွေက လွန်စွာစိုးရိမ်ပူပန်နေကြပါတယ်။ ပါလက်စတိုင်းခေါင်းဆောင်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ဟာ ၎င်းတို့ကို ဝါရှင်တန်ဆီ ဖိတ်ခေါ်ခြင်းမရှိတဲ့နောက် ပါလက်စတိုင်း ကိုယ်စားပြုခေါင်းဆောင်တွေမပါတဲ့ အဲဒီအစီအစဉ်ကဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
သပိတ်မှောက်ဖို့ တိုက်တွန်း
အိမ်ဖြူတော်ကထုတ်ဖော်ပြောမယ့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ်က ဘာကြီးပဲဖြစ်နေဖြစ်နေ အဲဒီအစီအစဉ်ကြေညာချက်ကို သပိတ်မှောက်ဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အာရပ်နဲ့ မွတ်စလင်နိုင်ငံ တွေကသံအမတ်ကြီးတွေကို တိုက်တွန်းတောင်းဆိုနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက် ညပိုင်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ် ( အာဘတ်စ်ရဲ့ ပြောဆိုခွင့်ရပုဂ္ဂိုလ် နာဘီလ်အဘူးရူဒီနက်က ရာစုနှစ် သဘောတူညီမှု ( deal of the century) လို့ အမည်ပေးထားတဲ့ အဲဒီငြိမ်းချမ်းရေး အစီအစဉ်ထုတ်ဖော်ကြေညာမှု အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခြင်း ခံထားရတဲ့ အာရပ်နဲ့ မွတ်စလင် သံအမတ်ကြီးတွေကို ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်ဖို့ရည်ရွယ်တဲ့ ပူးပေါင်းကြံစည်မှု အခမ်းအနားမျိုးကို မတက်ရောက်ဖို့ ကျွန်ုပ်တို့က တိုက်တွန်းတယ်လို့ ပြောကြားခဲ့တာကို ဝါဖာသတင်းအေဂျင်စီက ကိုးကားဖော်ပြထားပါတယ်။
အာရုံလွှဲပြောင်းခြင်းလား
ပါလက်စတိုင်းဝန်ကြီးချုပ် မစ္စတာရှတေရက်က သမ္မတ ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ဟာ ၎င်းတို့ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကနေ အာရုံလွှဲဖို့ ဒီကိစ္စကိုလာပြီး အသုံးချနေတာလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့လကပဲ သမ္မတထရမ့်ဟာ အာဏာအလွဲသုံးမှု၊ ဆီးနိတ်လွှတ်တော်အရေးကိစ္စတွေမှာ အနှောင့်အယှက်ပေးမှု စွပ်စွဲချက်တွေနဲ့ အမေရိကန်အောက်လွှတ်တော်ရဲ့ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာဆိုရင်လည်းပဲ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်အများအပြားနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ ပြည်လုံးကျွတ်ရွေးကောက်ပွဲဟာ တစ်နှစ်အတွင်းမှာ ၎င်းရဲ့ သုံးကြိမ်မြောက် ရွေးကောက်ပွဲကျင်းပမှု ဖြစ်ခဲ့ပါတယ်။ နှစ်ဦးစလုံးကတော့ သူတို့မှန်တယ် လို့ပဲ ပြောဆိုနေကြတာပါ။
အကာကွယ်ယူဖို့
သမ္မတထရမ့် ထုတ်ဖော်ကြေညာမယ်ဆိုတဲ့ အစီအစဉ်ဟာ တကယ်တမ်း ဘာငြိမ်းချမ်းရေးအစီအစဉ်မှ မဟုတ်ဘူး။ ဒီကိစ္စက သမ္မတထရမ့် အတွက်တော့ ၎င်းကို တရားစွဲခံရခြင်းကနေ အကာအကွယ်ယူဖို့ဖြစ်သလို မစ္စတာနေတန်ယာဟု အတွက်ဆိုရင်လည်း ထောင်ထဲမဝင်ရစေဖို့ ကာကွယ် ပေးမယ့် အရေးကိစ္စတစ်ခုသက်သက်ပဲလို့ မစ္စတာ ရှတေရက်က ရာမာလာ မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဘယ်လိုအစီအစဉ်မျိုးလဲ
သမ္မတထရမ့်ရဲ့ အစီအစဉ်က အစ္စရေးရဲ့ သိမ်းပိုက်မှုကို ပါလက်စတိုင်း ပြည်သူတွေလက်ခံလာအောင် ခြူဆီထည့်မယ့် အစီအစဉ်ဖြစ်ပြီး အဲဒီလိုနဲ့အစ္စရေးဟာ မဟာဗျူဟာကျတဲ့ ဂျော်ဒန်တောင်ကြားဒေသ နေရာအများစု အပါအဝင် အနောက်ဘက်ကမ်းရဲ့ ထက်ဝက်လောက်အထိကို သိမ်းပိုက်ဖို့အစပျိုးလာလိမ့်မယ်လို့ ပါလက်စတိုင်းနဲ့ အာရပ်ရှိ သတင်းရင်းမြစ်တချို့ က ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းခေါင်းဆောင်တွေကထရမ့်ရဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာဖို့မရှိတဲ့အပြင် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်း သောဆက်ဆံရေးအတွက် ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်တဲ့ အော့စလိုသဘောတူစာချုပ်ရဲ့ အဓိက အချက်တွေကနေတောင် ၎င်းတို့ကို နုတ်ထွက်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ် ကိုထောက်ခံမယ့် ပါလက်စတိုင်းနိုင်ငံသား တစ်ယောက်တလေကိုတောင်မှ အမေရိကန်အစိုးရအဖွဲ့က ရှာတွေ့မှာ မဟုတ်ဘူးလို့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန် ချက်ဖော်ပြခဲ့ပါတယ်။
အနာဂတ်ဘဝတွေ မှေးမှိန်လာနိုင်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ၎င်းရဲ့ သဘောထားအစွန်းရောက်တဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး ၎င်းကတော့ အဲဒီမူဝါဒတွေဟာ အစ္စရေးပြည်သူတွေရဲ့ လုံခြုံရေးအတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေလို့ တွင်တွင်ပြောဆိုနေပါတယ်။
ဒါပေမယ့် သိမ်းပိုက်ခံနယ်နိမိတ်တွေအတွင်းမှာရှိတဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ အနာဂတ်ဘ၀တွေကတော့ ၎င်းရဲ့ မူဝါဒတွေကြောင့် ပိုပြီးမှေးမှိန်ကွယ်ပျောက်နိုင်ဖွယ်ရှိတယ်လို့ သမ္မတထရမ့်ရဲ့ အစ္စရေး-ပါလက် စတိုင်းငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးဝေဖန်သုံးသပ်သူ အချို့က ကောက်ချက်ချခဲ့ပါတယ်။
ကိုးကား- အယ်လ်ဂျာဇီယာ၊
အေအက်ဖ်ပီ
ကလျာမိုးမြင့်


