၂၉ ဇန်နဝါရီ
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရောက်ရှိနေသော အမေရိကန်နဲ့ ဂျပန်နိုင်ငံသားတွေကို ဒီကနေ့(ဗုဒ္ဓဟူးနေ့) မှာ လေယာဉ်တွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပြန်လည်ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံး ၁၃၂ ဦး ရှိပြီး ကူးစက်ခံထားရသူပေါင်း ၆၀၀၀ နီးပါး ရှိပြီလို့ တရုတ်အမျိုးသားကျန်းမာရေးဌာနက ဒီနေ့ရက်စွဲ (ဇန်နဝါရီ ၂၉ ရက်) နဲ့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံက ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေအပါအဝင် နိုင်ငံသား ၂၄၀ ကို ဒီနေ့ နံနက် အစောပိုင်းက ပြန်ခေါ်သွားသလို ဂျပန်နိုင်ငံသား ၂၀၀ ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေပါရှိတဲ့ လေယာဉ်နဲ့ ပြန်ခေါ်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ပြန်လည်ရောက်ရှိလာသူတွေကို သီးခြားခွဲထားဖို့ အစီအစဉ်မရှိပေမယ့် ဆေးစစ်ချက် ထွက်လာတဲ့ အချိန်အထိ သူတို့အိမ်တွေမှာဘဲ နေထိုင်စေပြီး လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့ အကြံပေးထားကြောင်း ဂျပန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ အမျိုးသမီးက ဝူဟန်ကနေ ပြန်လည်ရောက်ရှိလာသူတွေရဲ့ ကျန်းမာရေးကို သေသေချာချာ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဝူဟန်မြို့မှာရောက်ရှိနေတဲ့ ပြင်သစ်နဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကိုလည်း လာမယ့် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ မိခင်နိုင်ငံတွေက ပြန်ခေါ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အိန္ဒိယနဲ့ထိုင်းနိုင်ငံအစိုးရများကလည်း တရုတ်အစိုးရဆီကနေ ပြန်ခေါ်ခွင့်ပြုကြောင်း ခွင့်ပြုစာ စောင်းဆိုင်းနေတယ်လို့ သိရပါတယ်။ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ သီရိလင်္ကာ ကျောင်းသား ၈၆၀ ကိုလည်း ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်ပြီးပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်အထိ ကူးစက်ပျံ့နှံ့လာပေမယ့် သေဆုံးသူများဟာ တရုတ်နိုင်ငံတွင်သာ တွေ့ရကြောင်း သိရပါတယ်။ တရုတ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ နေထိုင်သူများကို သွားလာခွင့်မပြုတော့တဲ့အတွက် လူပေါင်း သန်း ၅၀ ကျော် ပိတ်မိနေပါတယ်။
ဒါ့အပြင် တရုတ်အစိုးရက ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှုကိုထိန်းချုပ်ရန် နိုင်ငံခြားခရီးသွားမယ့် တရုတ်နိုင်ငံသားများကို တားမြစ်ထားခြင်း၊ ကျောင်းပိတ်ရက်တိုးထားခြင်းနဲ့ တရုတ်နှစ်ကူးပိတ်ရက် ရက်တိုးထားခြင်းတွေပါ လုပ်ဆောင်နေပါတယ်။
ကမ္ဘာတစ်ဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးပွားချိန်မှာ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကလည်း သူတို့ရဲ့ နိုင်ငံသားတွေ တရုတ်နိုင်ငံကို ခရီးသွားလာခြင်း မပြုလုပ်အောင် အကြံပေးနေပါတယ်။
MDN
ကိုးကား - AFP


