မုံရွာ ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ၂၀၁၉ ခုနှစ်အတွင်း ရေယာဉ်မတော်တဆမှု(၇)ကြိမ်ဖြစ်ပွားခဲ့ရာ ခရီးသည်(၃)ဦး သေဆုံးမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ မတော်တဆမှုများတွင် ရေယာဉ်နစ်မြုပ်မှု(၄)ကြိမ်၊ ရေယာဉ်မီးလောင်မှု(၁)ကြိမ်နှင့် ရေယာဉ်ပေါ်မှ ခရီးသည် မြစ်အတွင်းပြုတ်ကျမှု(၂)ကြိမ် စုစုပေါင်း ရေယာဉ်မတော်တဆမှု (၇)ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေယာဉ်ပေါ်တွေမှာ လိုက်ပါလာတဲ့ ခရီးသည်တွေက ရေယာဉ်စည်းကမ်းတွေ မလိုက်နာတော့ အသက် ဆုံးရှုံးမှုတွေက ဖြစ်နေဆဲပဲ ရှိနေသေးတယ်၊ တခြားရေယာဉ်တွေလည်း သတိပြုနိုင်ဖို့အတွက် ရေယာဉ် မတော်တဆမှု ဖြစ်ခဲ့တဲ့ရေယာဉ်တွေက ရေယာဉ်မောင်းတွေကို လိုအပ်တဲ့အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထွန်းက ပြောသည်။
ချင်းတွင်းမြစ်အတွင်း ရေယာဉ်မတော်တဆဖြစ်ပွားမှုအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရေယာဉ်မီးလောင်မှု (၁)ကြိမ်၊ ဧပြီလအတွင်း ရေယာဉ်နစ်မြုပ်မှု တစ်ကြိမ်၊ မေလအတွင်း ရေယာဉ်ပေါ်မှ မြစ်အတွင်း ခရီးသည်(၂)ဦးပြုတ်ကျသေးဆုံးသည့် မတော်တဆမှု တစ်ကြိမ်၊ ဇူလိုင်လအတွင်း ရေယာဉ် နစ်မြုပ်မှု(၁)ကြိမ်၊ ရေယာဉ်ပေါ်မှ မြစ်အတွင်းခရီးသည်တစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့် မတော်တဆမှု (၁)ကြိမ် စုစုပေါင်း ရေယာဉ်မတော်တဆမှု (၇)ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


