၃၀ ဇန်နဝါရီ
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ဂျပန်နိုင်ငံကို ပြန်လည်ခေါ်ဆောင်လာတဲ့ ဂျပန်နိုင်ငံသားတွေထဲက သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဂျပန်အစိုးရက ဒီနေ့မှာ ကြေညာပါတယ်။
ဝူဟန်မြို့ကနေ ပြန်လည်ခေါ်လာတဲ့ ဒုတိယလေယာဉ်ဟာ တိုကျိုမြို့ကို ဒီနေ့ (ကြာသပတေးနေ့) အစောပိုင်းက ဆိုက်ရောက်လာစဉ် အဲဒီလေယာဉ်အတွင်းမှာ လိုက်ပါလာသူတွေထဲက တစ်ဦးမှာ ရောဂါလက္ခဏာကို တွေ့ရှိရပြီး နှစ်ဦးမှာတော့ ကူးစက်ရောဂါပိုးတွေ့ရပြီး ရောဂါလက္ခဏာ မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေပါရှိတဲ့ သီးသန့်လေယာဉ်ပေါ်မှာ ပထမအကြိမ်ခေါ်ယူစဉ်က လိုက်ပါခဲ့သူများထဲမှ ၁၅ ဦးဟာ သံသယရှိတဲ့အတွက် ဆေးကုသခံယူနေပါတယ်။ ပထမလေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက နှစ်ဦးဟာ ရောဂါပိုးစမ်းသပ်ရန် ငြင်းဆန်တယ်လို့ သိရပါတယ်။ ဒုတိယ လေယာဉ်ပေါ်တွင်လည်း ၁၃ ဦးဟာ နေမကောင်းဖြစ်နေကြောင်း သတင်းရရှိထားပါတယ်။
ဝူဟန်မြို့ကနေ ဂျပန်နိုင်ငံသား အယောက် ၄၀၀ ကျော် ကို ပြန်ခေါ်ပြီး ဖြစ်ပါတယ်။ တတိယအကြိမ် သွားရောက်ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ လူအချင်းချင်းကနေ ကိုရိုနာဗိုင်းစ်ပိုးကူးခံရသူ ဒုတိယတစ်ဦး ရှိလာပြီလို့လည်း သိရပါတယ်။ တရုတ်ခရီးသွားတွေကို ကားမောင်းပေးတဲ့ ဂျပန်ကားဆရာနဲ့အတူ အလုပ်လုပ်တဲ့ ခရီးသွားလမ်းညွှန် အမျိုးသမီးမှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုပြော ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးရှိပြီလို့ သိရပါတယ်။
MDN
ကိုးကား -AFP


