၃၁ ဇန်နဝါရီ

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကူဒူဇ်ပြည်နယ် ဒက်တ်အီအာချီခရိုင်တွင် တာလီဘန်တို့ ပုန်းအောင်းရာနေရာကို တိုက်ခိုက်ရေးလေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အုပ်စုတပ်မှူး သုံးဦးအပါအဝင် စစ်သွေးကြွ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယနေ့စစ်တပ်ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်တပ်ထုတ်ပြန်ချက်အရ ယမန်နေ့မွန်းလွဲပိုင်းက တိုက်ခိုက်ရေးလေယာဉ်များသည် တာလီဘန်စစ်သွေးကြွများ ပုန်းအောင်းရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အုပ်စုတပ်မှူးများဖြစ်သည့် မူလာရှ်အဗ္ဗဒူလာ၊ မူလာရှ်အိုမာရီနှင့် မူလာရှ်နီမန် တို့သုံးဦး အပါအဝင် စစ်သွေးကြွ ရှစ်ဦးသေဆုံးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒက်တ်အီအာချီခရိုင်ရှိ စစ်ဆေးရေးဂိတ်အချို့ကို တိုက်ခိုက်ကာ လုံခြုံရေးဝန်ထမ်း ၁၃ ဦး ကို သတ်ဖြတ်ခဲ့သော တာလီဘန်စစ်သွေးကြွများကမူ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။

ဒက်တ်အီအာချီ ခရိုင်သည် ကဘူးလ်မြို့တော်၏ မြောက်ဘက် ၂၅၀ ကီလိုမီတာအကွာ ကူဒူဇ်ပြည်နယ်ရှိ တာလီဘန်စစ်သွေးကြွတို့ ပုန်းအောင်းနေထိုင်ရာ ဒေသဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို