၃၁ ဇန်နဝါရီ
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၁၃ ဦးနဲ့ ရောဂါပိုးကူးစက်ခံရသူ ၁၀,၀၀၀ နီးပါရှိကြောင်း တရုတ်အစိုးရက အတည်ပြုပြောကြားချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုနဲ့ပတ်သတ်ပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။
ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲ တက်ဒရို့စ်က ဗိုင်းရပ်စ်ပိုးဟာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့နိုင်ငံတွေကို ပျံ့နှံ့မှာကို အင်မတန်စိုးရိမ်ကြောင်း၊ နောက်ထပ်မပျံ့ပွားအောင် အတူတကွလုပ်ဆောင်ရမယ်။ အားလုံးစုပေါင်းပြီး ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ရပ်တန့်သွားအောင်လုပ်ရမယ်လို့ ပြောပါတယ်။
နိုင်ငံတော်တော်များများက သူတို့နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မသွားအောင် ဆော်သြနေသလို တစ်ချို့နိုင်ငံတွေကတော့ ဗိုင်းရပ်စ်ပိုးစတင်ရာ ဝူဟန်မြို့သားတွေကို အဝင်မခံတာမျိုးလည်း လုပ်ဆောင်လာပါတယ်။
အစ္စရေးနိုင်ငံက တရုတ်နိုင်ငံမှလာတဲ့ လေယာဉ်တွေကို ပိတ်ပင်ချိန်မှာ ရုရှားကလည်း တရုတ်နယ်စပ်ကို ပိတ်ထားတာကို တွေ့ရပါတယ်။
အဓိကလေကြောင်းလိုင်းကြီးတွေဖြစ်တဲ့ ဗြိတိသျှလေကြောင်းလိုင်း၊ ဂျာမနီအလံလွှင့်တင်ထားတဲ့ Lufthansa လေကြောင်း၊ အမေရိကန်လေကြောင်း၊ KLM နဲ့ United လေကြောင်းလိုင်းတွေက တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်လျော့ချခြင်း သို့မဟုတ် ယာယီရပ်နားခြင်းတွေပါ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
အီတလီနိုင်ငံရဲ့ ဆိပ်ကမ်းတစ်ခုမှာ တရုတ်ခရီးသွားနှစ်ဦးဟာ ဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်လာသူလို့ စိုးရိမ်တဲ့အတွက် ခရီးသည် ၆၀၀၀ ကျော်ကို အပျော်စီးသင်္ဘော တစ်စီးပေါ်မှာ အခုလို သီးခြားထားခြင်းဖြစ် ပါတယ်။ နောက်ပိုင်းမှာတော့ ဗိုင်းရပ်စရောဂါပိုးမရှိ မရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
၂၄ နာရီအတွင်းမှာ သေဆုံး ၄၃ ဦး ရှိတဲ့အတွက် သောကြာနေ့ထုတ်ပြန်တဲ့စာရင်းအရ ၂၁၃ ဦးပြီဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ ၁၉၈၂ ဦး ရှိပြီး ၁၀၂, ၀၀၀ ဟာ ရောဂါပိုးရှိသူလို့ သံသယရှိတွေ ဖြစ်တယ်လို့ တရုတ်ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
MDN
ကိုးကား -AFP


