ဂါဇာ ၁ ဖေဖော်ဝါရီ


ပါလက်စတိုင်း စစ်သွေးကြွများသည် ယမန်နေ့က နယ်စပ်ဖြတ်ကျော်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ပြီးနောက် အစ္စရေးစစ်လေယာဉ်များက ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမားစ်တို့ကို ဖေဖော်ဝါရီ ၁ ရက် က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားလိုက်သည်။


တိုက်လေယာဉ်များသည် ဂါဇာ ကမ်းမြှောင်ဒေသ မြောက်ပိုင်းရှိ ဟားမားစ်တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


လက်နက်သိုလှောင်ရုံ၊ ဟားမားစ် အကြမ်းဖက်သမားများ အသုံးပြုရာ မြေအောက် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အင်္ဂလိပ်ဘာသာနှင့် ဖော်ပြသော ကြေညာချက်တွင် အစ္စရေးစစ်တပ် က ဖော်ပြထားသည်။


သို့သော်လည်း သေဆုံးသတင်း ဖော်ပြခြင်းမရှိကြောင်း သိရသည်။ ဂါဇာဘက်မှ ဇန်နဝါရီ ၃၁ ရက်က နယ်စပ်ဖြတ်ကျော်ပြီး ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို မီးလောင်ဗုံးများ တပ်ဆင်ထားသော မီးပုံးပျံများဖြင့်လည်း အစ္စရေး တောင်ပိုင်းကို တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ယခုလို အစ္စရေး တို့ဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


ယမန်နေ့က တရစပ်တိုက်ခိုက် မှုအပေါ် အစ္စရေးတို့၏ လက်တုံ့ပြန် တိုက်ခိုက်မှုတွင် ဂါဇာတောင်ပိုင်းရှိ ဟားမားစ်တို့၏ စစ်စခန်းတစ်ခုကိုလည်း အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အငြင်းပွားနေသည့် ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်ပြီး ပါလက်စတိုင်းကို ဒေါသထွက်နေချိန်တွင် ယခုလို အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။


အေအက်ဖ်ပီ