ကိယက်ဗ် ၁ ဖေဖော်ဝါရီ


ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် ယူကရိန်းနိုင်ငံဘက်မှ အဆင်သင့် ဖြစ်နေပြီဟု ယူကရိန်းသမ္မတ ဗိုလို ဒီမာဇီလန်စကီးက ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုသည် ယူကရိန်းနိုင်ငံသို့ လာရောက်စဉ် သတင်းစာရှင်းလင်းပွဲ ၌ ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးနယ်ပယ်တွင် ယူကရိန်း နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ မိတ်ဖက်အသစ်အဖြစ် ဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်နေပြီ ဟု သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဇီလန်စကီးက ပြောကြားခဲ့သည်။


လိုအပ်သည့် လက်နက်များ တပ်ဆင်ခြင်းဖြင့် ယူကရိန်းရေတပ် နှင့်လေတပ်ကို အင်အားတောင့်တင်း လာစေရန် နှစ်ဖက်စလုံးမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်နှင့်အတူ ပူးပေါင်းကာ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်သွားရန် ယူကရိန်းသမ္မတက အလေးထားလျက်ရှိသည်။


အမေရိကန်၏ ထိပ်တန်း လက်နက် ကုမ္ပဏီများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦး နှစ်ဖက်အတွက် အကျိုးများစေမည် ဖြစ်ကြောင်းကိုလည်း ယူကရိန်း သမ္မတက ဆက်လက်ပြောကြား ခဲ့သည်။


၂၀၂ဝ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာသန်း ၇၀ဝ အား ယူကရိန်း နိုင်ငံကို အကူအညီပေးရန် အမေရိကန် လွှတ်တော်မှ ထောက်ခံခဲ့ပြီး အဆိုပါ ငွေကြေး၏ ထက်ဝက်ခန့်ကို လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။


ဆင်ဟွာ