တီဟီရန် ၁ ဖေဖော်ဝါရီ
အီရန်အဏုမြူစွမ်းအင် အဖွဲ့အကြီးအကဲကို အမေရိကန် က မကြာသေးမီ ကာလအတွင်း အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်လိုက်သော်လည်း ယင်းသို့ ပြုလုပ်မှုသည် အီရန်နိုင်ငံ ၏ နျူကလီးယားအစီအစဉ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်လိမ့်မည် မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဲဘတ်မော်ဆာဗီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ယခုလို အီရန်အဏုမြူ စွမ်းအင်အကြီးအကဲကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
သူ့အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းက ဆိုးရွားလှသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အီရန်နှင့် အမေရိကန် ဆက်ဆံရေး တင်းမာနေချိန်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အီရန် အဏုမြူစွမ်းအင်အဖွဲ့ကြီးနှင့် ယင်းအဖွဲ့၏ အကြီးအကဲဖြစ်သူ ဆာလေဟီကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည်။
အမေရိကန်၏ ယခုလို ပြုလုပ်ဆောင်ရွက်ခြင်းအပေါ် အီရန်အဏုမြူစွမ်းအင်အဖွဲ့ကြီး၏ ပြောရေးဆိုခွင့်ရှိသူက ထင်ရာစိုင်းသည့် လုပ်ရပ်ဖြစ်ပြီး အဓိပ္ပာယ်မရှိကြောင်း ဝေဖန် ပြောကြားလိုက်သည်။
ဆင်ဟွာ


