လန်ဒန် ၂ ဖေဖော်ဝါရီ

 

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီတွင် ၄၇ နှစ်ကြာ အဖွဲ့ဝင်နိုင်ငံဖြစ်မှုကို ရုပ်သိမ်းပြီး နုတ်ထွက်ခဲ့သည်။

 

ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားသော မိန့်ခွန်းတွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ခေတ်သစ် တစ်ခု၏ အရုဏ်ဦးကို စတင်လိုက်ပြီဟု ပြောကြားသည်။ ဒီညမှာ ပြောလိုတာကတော့ အစိုးရတစ်ရပ်အနေနဲ့ ကျွန်တော်တို့ဗြိတိန်အစိုးရဟာ တိုင်းပြည်ကို ရှေ့ဆက်ပြီးတော့ ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒါဟာ အစပဲရှိသေးတယ်ဆိုတာ ပြည်သူကို အသိပေးချင်ပါတယ်ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

 

ယခုအချိန်တွင် အင်္ဂလန်နိုင်ငံမှာ အကူးအပြောင်း ကာလအဖြစ် သတ်မှတ်ထားသော ၁၁ လအပိုင်းအခြား အတွင်းသို့ ရောက်ရှိနေသည်။ အင်္ဂလန်နိုင်ငံမှာ ဥရောပ သမဂ္ဂမှ နုတ်ထွက်ခဲ့သော်လည်း အင်္ဂလန်နိုင်ငံသားများအနေဖြင့် ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုပြုလုပ်နိုင်သည်။

 

ဘရက်ဆစ်အရေး ဆောင်ရွက်ပြီးစီးခဲ့သော်လည်း ဗြိတိန်အနေဖြင့် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ် သော ဥရောပသမဂ္ဂနှင့် သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေသည်။ နှစ်ဖက်လုံးက ၎င်းတို့၏ ရပ်တည်ချက်များကို တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။ ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် ဘောရစ်ဂျွန်ဆင် အနိုင်ရခဲ့ခြင်းက ဘရက်ဆစ်အရေးဆောင်ရွက်ရန် ဦးတည်စေခဲ့သည်။

 

ကိုးကား-ဆင်ဟွာ၊ အေအက်ဖ်ပီ

ဘာသာပြန်-စိုးသူရ