၃ ဖေဖော်ဝါရီ

ယမန်နေ့က ဈေးဝယ်သူများဖြင့် စည်ကားရာလမ်းပေါ်တွင် ဓားကိုင်ဆောင်ထားသူ တစ်ဦးက လူနှစ်ဦးကို ဓားဖြင့်ထိုးခဲ့ပြီးနောက်  လန်ဒန်တောင်ပိုင်းရှိ ရဲတပ်ဖွဲ့က ၎င်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

အဆိုပါ ဓားကိုင်ဆောင်တိုက်ခိုက်မှုသည် အစ္စလာမ္မစ်အစွန်းရောက်ဝါဒဖြင့် လှုံ့ဆော်သည့် အကြမ်းဖက်မှုနှင့်ဆက်နွှယ်သော ဖြစ်ရပ် ဖြစ်သည်ဟု လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ခဲ့သည်။

 

l2

 

ယမန်နေ့က Streatham ခရိုင်တွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထိုဓားဖြင့်တိုက်ခိုက်သူကို တာဝန်ရှိသူများက ပစ်ခတ်ခဲ့ရာ ထိုနေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ယင်းဖြစ်ပွားရာ နေရာအနီးရှိ လူတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုက်ခိုက်သူမှာ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲစေနိုင်သော ပစ္စည်းများဝတ်ဆင်ထားသော်လည်း ၎င်းတို့မှာ အတုများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

 

l3

 

ထိုခဏတာ တိုက်ခိုက်မှုဖြစ်ပွားခြင်းသည် ဈေးဝယ်သူများဖြင့် စည်ကားရာလမ်းပေါ်တွင်  ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု မီဒီယာက ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက သီးခြားဖြစ်စဉ်တစ်ခုတွင် အစ္စလာမ္မစ် အစွန်းရောက်ဝါဒဖြင့် လှုံ့ဆော်ခံရသည်ဟု ယူဆရသူတစ်ဦး၏ ဓားထိုးမှုကြောင့် မြို့လယ်ခေါင်ရှိ လန်ဒန်တံတားပေါ်တွင် လူနှစ်ဦးသေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို