၃ ဖေဖော်ဝါရီ
ကနေဒါနိုင်ငံ ဘရစ်တစ်ရှ်ကိုလံဘီယာမှာ နေထိုင်နေတဲ့တော်ဝင်မင်းသား ဟယ်ရီနဲ့ မက်ဂန်တို့ရဲ့ လုံခြုံရေးစရိတ်ကို ကနေဒါနိုင်ငံသားအများစုက မပေးလိုဘူးလို့သိရပါတယ်။
ကနေဒါနိုင်ငံက အခွန်ထမ်းလူထုရဲ့ ၇၇ ရာခိုင်နှုန်းဟာ မြို့စားနဲ့ မြို့စားကတော်အတွက် လုံခြုံရေးစရိတ် မပေးချင်ကြောင်း၊ သူတို့နှစ်ယောက်ဟာ ဘုရင်မကြီးကို ကိုယ်စားပြုပြီး လာရောက်တာမဟုတ်တဲ့အတွက်ဖြစ်တယ်လို့ ပြောကြောင်း နန်နိုစ် သုတေသနရဲ့ လေ့လာချက်အရ သိရပါတယ်။
ကနေဒါနိုင်ငံဟာ ဘုရင်စနစ်ကိုအခြေခံတဲ့ ပါလီမန်စနစ်ကျင့်သုံးတဲ့အတွက် ဘုရင်မကြီး အဲလီစဘတ်( ၂) ဟာ သူတို့နိုင်ငံရဲ့ အကြီးအကဲဖြစ်ပါတယ်။
၁၉ ရာခိုင်နှုန်းကတော့ လုံခြုံရေးကုန်ကျစရိတ်ကို မျှဝေပေးဖို့ လက်ခံကြောင်း သိရပါတယ်။ မင်းသားဟယ်ရီနဲ့ မက်ဂန်တို့ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ မေးခွန်းက တရားဝင်ကြေညာခြင်းမရှိသလို လုံးခြုံရေးအသုံးစရိတ်ကို ဘယ်သူကျခံပေးမယ်ဆိုတာပါ ပြောကြားခြင်းမရှိသေးဘူးဖြစ်ပါတယ်။ ဟယ်ရီတို့ ဇနီးမောင်နှံဟာ တော်ဝင်မိသားစုကို တရားဝင်စွန့်ခွာခဲ့ပြီဖြစ်ပါတယ်။
ဟယ်ရီတို့ဇနီးမောင်နှံနဲ့ သူတို့သားငယ်ရဲ့ ပုဂ္ဂလိက အခွင့်အရေးကို ကနေဒါနိုင်ငံက ဗြိတိန်ထက် သာလွန်ကောင်းမွန်တယ်လို့ ကနေဒါနိုင်ငံသား သုံးပုံနှစ်ပုံကျော်က ယုံကြည်ပါတယ်။
MDN
ကိုးကား -AFP


