၄ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံမှာ ဇိမ်ခံသင်္ဘောတစ်စင်းပေါ်တွင် လိုက်ပါလာသော လူပေါင်း ၃,၇၁၁ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိ ကို စမ်းသပ်ရန်  သင်္ဘောပေါ်မှာဘဲ သီးသန့်ထားရှိပြီး စမ်းသပ်နေကြောင်း သိရပါတယ်။ အဲဒီသင်္ဘောပေါ်မှာ လိုက်ပါခဲ့ဖူးတဲ့  ခရီးသည်ဟောင်းဟာ ဟောင်ကောင်မှာ သင်္ဘောပေါ်က ဆင်းအပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရတဲ့အတွက် စမ်းသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

တနင်္လာနေ့က ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ရောက်လာစဉ် သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည် ၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ လက္ခဏာတွေကို တွေ့ရှိကြောင်း ယိုကိုဟားမားစီရင်စုရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ခရီးသည်တွေကို နိုင်ငံထဲ ဝင်ခွင့်ပိတ်ပင်ထားကြောင်း သိရပါတယ်။

 

အဲဒီသင်္ဘောမှာ လိုက်ပါခဲ့ဖူးတဲ့ အသက် ၈၀ အရွယ် ခရီးသည်ဟာ ဟောင်ကောင်ဆိပ်ကမ်းမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဆင်းသက်ခဲ့ပါတယ်။ အဲဒီခရီးသည်ဟာ ဇိမ်ခံသင်္ဘောနဲ့ ခရီးသွားစဉ်မှာ သင်္ဘောပေါ်က ဆေးစစ်ခန်းကို မလာခဲ့ကြောင်း၊ အဲဒီခရီးသည်ဟာ သူ့မိသားစုနဲ့အတူ သင်္ဘောစီးခဲ့ကြောင်း၊ အခုတော့ ဆေးရုံမှာ ဆေးကုသခံယူနေရာ သက်သာကြောင်း သင်္ဘောရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အသက် ၂၀ ဝန်းကျင်အမျိုးသမီးငယ်တစ်ဦးက TBS သတင်းဌာနကို ပြောကြားရာတွင် ဗိုင်းရပ်စ်ပိုးကူးစက်မှုရှိ၊မရှိကို အဖြေရရှိတဲ့အထိ ခရီးသည်အားလုံးဟာ သင်္ဘောပေါ်မှာဘဲ ဆက်လက်နေရန် နဲ့ ဒီနေ့ (အင်္ဂါနေ့)မှာ ဆေးစစ်အဖြေရရှိရန် မျှော်လင့်ရကြောင်း ပြောပါတယ်။

 

 

ပြီးခဲ့တဲ့ စနေနေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ ဟူဘေပြည်နယ်က ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူအားလုံးနဲ့ ဟူဘေပြည်နယ်ကို လက်တလော သွားဖူးသူတိုင်းကို  ဂျပန်နိုင်ငံက ဝင်ခွင့်မပေးဘူးလို့ သိရပါတယ်။  ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားခရီးသည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ လက္ခဏာရှိသူတွေကိုလည်း ဝင်ခွင့်ငြင်းပယ်နိုင်ကြောင်း ပြောပါတယ်။

 

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသူ တနင်္လာနေ့ ထုတ်ပြန်အချက်အရ လူဦးရေ ၂၀ အထိ မြှင့်တက်လာကြောင်း၊ အဲဒီထဲက ၄ ဦးဟာ ရောဂါလက္ခဏာတော့ မပြသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

 

MDN

ကိုးကား - AFP