၆ ဖေဖော်ဝါရီ
အာဖဂန်လုံခြုံရေးတပ်ဖွဲ့များသည် တာလီဘန်စစ်သွေးကြွများ ပုန်းအောင်းနေထိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘောလခ်ပြည်နယ် ရှတယ်လ်ခရိုင်ကို ယမန်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် စစ်သွေးကြွ လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တစ်ခုတွင် ယနေ့ ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ရှတယ်လ်ခရိုင် ယန်းဂိ ကလာ ဒေသကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ထိုလုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွလေးဦး သေဆုံးခဲ့ပြီး လူသတ်မိုင်းများ အပါအဝင် လက်နက်ခဲယမ်းမီးကျောက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများ ထိခိုက် သေဆုံးမှုမရှိ ဟု ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
တာလီဘန်စစ်သွေးကြွများကမူ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ ပြောကြားခြင်း မရှိသေးပေ။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


